17 June 2024

လာမည့်ဇူလိုင်(၁၉)ရက် အာဇာနည်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ အထူးပြပွဲပြသရန်နှင့်အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၏ ပြတိုက်အတွင်းပြကွက်များ ပြသနိုင်ရန်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတက်လမ်း နှင့် အဆင်းလမ်းတွင် ယခင်နှစ်များကဲ့သို့ ဘုတ်ပြားများဖြင့် ပြသမည့်ပြကွက်၊

IT နည်းပညာဖြင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်နှင့် မြေယာရှုခင်းများအား 3D Virtual Tour ပြကွက်၊

ဗိုလ်ချုပ်အောင်ဆန်းနေအိမ် Architecture Design များပြကွက်၊

ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ဘီရိုများအတွင်းရှိ ပစ္စည်းများအား ဓာတ်ပုံရိုက်ကူး၍ Mobile Application ဖြင့် ပြသမည့် ပြကွက် ၊

3D Holographic Fan ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ ပြကွက်၊နှစ်အလိုက် အထူးပွဲခင်းကျင်းပြသသည့် ဓာတ်ပုံမှတ်တမ်းများပြကွက်များကို Touch Screen များဖြင့်ပြသပေးထားမည်ဖြစ်သည်ဟုဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် အထူးပြပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်းကိုရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြည့်ရှုစစ်ဆေးခဲ့ကြသလို အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၌ကြိုတင်ပြင်ဆင်မှုများကိုလည်း ကြည့်ရူ စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး)၏ ပြတိုက်အတွင်း နိုင်ငံ့ ခေါင်းဆောင်များ၏ ဓာတ်ပုံများ နှင့် ၎င်းတို့၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ နိုင်ငံတော်ကထုတ်ပြန်ထား သည့် သတင်းအချက်အလက် များ ပြသထားရှိမှု၊ လွှတ်တော် ကျင်းပသည့်အခန်း၊ ဓာတ်ပုံ များ ပြသထားရှိမှု၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည့် အစည်းအဝေးပြုလုပ်သော အခန်းနှင့် အတွင်းဝန်ရုံးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့ ကြောင်း သိရသည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့လာရောက်လေ့လာသူများအဆင်ပြေစေရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှဝန်ထမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှဝန်ထမ်းများကပြတိုက်ပတ်လည် မြေနေရာများနှင့်  ဆင်ခြေလျှော မြေထိန်း မြေနေရာများအား မြက်ခင်း စိုက်ပျိုးရန်အတွက် မြေပြုပြင်ခြင်း၊ မြေပြုပြင်ပြီးသောနေရာများအား မြက်စိုက်ပျိုးခြင်း၊ သစ်ပင်အောက်ခြေရှင်းခြင်းမြက်ရိတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊  ဝါးပင်အောက်ခြေ ရှင်းလင်းခြင်း၊ စိုက်ခင်းရှင်းလင်းခြင်းတို့မှ ထွက်ရှိလာသော သစ်ကိုင်းများနှင့် အမှိုက်များ သိမ်းဆည်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အန္တရာယ်ရှိနိုင်သည့်သစ်ပင်ကြီးများ ခုတ်ထွင် ရှင်းလင်းခြင်း၊ လာရောက်လေ့လာသူများအမြင်လှပစေရန်မြေယာရှုခင်းဆောင်ရွက်ခြင်း၊ အာဇာနည်နေ့တွင်လာရောက်လေ့လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ကျန်းမာရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ခြင်းစသည့် လုပ်ငန်းများကိုကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ဒုတိယညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်း၏ပြောကြားချက်အရသိရသည်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group