၂၁ စက်တင်ဘာ ၂၀၂၅

မြန်မာအစိုးရနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မောင်မောင်အေးသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် နည်းပညာကုမ္ပဏီများသို့ မကြာသေးမီက သွားရောက်လေ့လာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေပိုင်းများတွင်ပေကျင်းအခြေစိုက်အဆိုပါအဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာကုမ္ပဏီများတွင် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ လေကြောင်းနည်းပညာဆိုင်ရာ ပစ္စည်းများ၊အီလက်ထရောနစ်  စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများကို လေ့လာ  ကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကိုကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် 12th Beijing Xiangshan အစည်းအဝေးများသို့ တက်ရောက်နေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အဆင့်မြင့်နည်းပညာကုမ္ပဏီတွေကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပါယ်ခန်းမ (Bayi Hall)၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။

#ymg/knl