#Local_News
Published 7 July 2024

▪️ ယခုရက်သတ္တပတ်အတွင်း မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေဝင်နစ်မြု-ပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက သတိပေး ကြေညာထားသည်။

 

▪️ အဆိုပါ ထုတ်ပြန်ချက်တွင် ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့ရန် ပြုလုပ်ထားခြင်း၊ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားခြင်း၊ ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားခြင်း၊ လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားခြင်းများကို လုပ်ဆောင်ထားရန်လိုအပ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် အဓိကအားဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းပေးခြင်း၊ သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားခြင်း၊ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားခြင်းတို့ကိုလည်း ကြိုတင်ပြင်ဆင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက်စစ်ဆေးနေကာထူးခြားသည့်အခြေအနေများ အချိန်နှင်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများကြိုတင်ပြင်ဆင်ထားရန်လိုကြောင်းလည်း ဆိုထားသည်။

 

▪️ ရေကြီးနစ်မြု-ပ်မှုများ အတွက်လည်း အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းနှင့် နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသသတိပေးချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက်နားထောင်ကာ ပြည်တွင်းထုတ်နေ့စဉ် သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြရန်လိုကြောင်းလည်း သိရသည်။

 

#YMG/ NN #Yangon_Times