#Local_News

Published 01 July 2024


▪️ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို မမေ့လျော့အောင် မြန်မာအမျိုးသမီးများနေ့အကြိုအဖြစ် ရန်ကုန်တိုင်း ဒေသကြီးတွင်  "ရိုးရာဆင်မြန်းတော်ဝင်ပန်း" ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

 

▪️ အဆိုပါ "ရိုးရာဆင်မြန်းတော်ဝင်ပန်း" ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

 

▪️ ပြိုင်ပွဲဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ "အမျိုးသမီးငယ်အများစုသည် မိမိတို့လူမျိုးအလိုက် ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများကို မေ့လျော့နေကြောင်း၊ ဒါကြောင့်အမျိုးသမီးများအနေဖြင့် မိမိတို့၏ ရိုးရာဝတ်စုံကို ဆင်မြန်းဝတ်ဆင်ထားခြင်းဖြင့် ကျက်သရေမင်္ဂလာရှိတယ်ဆိုတာကိုပေါ်လွင်သိရှိစေရန်အတွက် ယခုလိုပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း "ပြောကြားခဲ့သည်။

 

▪️ မြန်မာအမျိုးသမီးများနေ့အကြို ရိုးရာဆင်မြန်းတော်ဝင်ပန်း ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇွန် (၂၉)ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပခဲ့သည်။

 

▪️ ရှေးဦးစွာ တေးသံရှင် မထက်ဧကရီလွင်က ဗမာမလေးပါရှင့် အဖွင့်သီချင်း သီဆိုဖျော်ဖြေခဲ့သလို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရိုးရာအဝတ်အထည်အရောင်းဆိုင်များ၊ ရိုးရာအစားအစာအရောင်းဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များသို့ လှည့်လည်ကြည့်ရှု ဝယ်ယူအားပေးကြသည်။

 

▪️ ၎င်းနောက် တိုင်းရင်းသူ(၈)ဦးက “စည်းလုံးစိုလေ သွေးချင်းတိုရဲ့မြေ” သီချင်းဖြင့် ဖျော်ဖြေကပြ တင်ဆက်ကြသည်။

 

▪️ ဆက်လက်၍ ကျောင်းသူ (၄၀)ဦးက ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများဖြင့် ပြိုင်ပွဲတွင်ယှဉ်ပြိုင်ကြပြီး နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ၍လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူ (၁၄)ဦး က “လှမျိုးစုံကြွယ် ယဉ်တစ်ကိုယ်မယ်” “ခေတ်(၆)ခေတ်” ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အလှပြအစီအစဉ်များဖြင့် လည်းကောင်း တင်ဆက်ကြသည်။

 

▪️ ထို့နောက် ရိုးရာဆင်မြန်း တော်ဝင်ပန်း ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ (၄၀) ဦးမှ (၁၀) ဦးအား ပဏာမရွေးချယ်ခဲ့ကြပြီး ၎င်း (၁၀) ဦးမှ (၅)ဦးအား ထပ်မံရွေးချယ်ကြပြီး နှစ်သိမ့်ဆုရရှိသူ(၅)ဦးအား စည်ပင်သာယာရေး ဝန်ကြီး (မြို့တော်ဝန်)၏ ဇနီးက ဆုများချီးမြှင့်သည်။

 

▪️ ယင်းနောက် ရွေးချယ်ထားသော (၅)ဦးအား ဒိုင်အဖွဲ့မှ ဗဟုသုတဉာဏ်စမ်း မေးခွန်းများမေးမြန်း၍ ပဉ္စမမှပထမရရှိကြသည့် ပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးတို့က ဆုများချီးမြှင့် ပေးအပ်ခဲ့‌ကြောင်း သိရသည်။

 

#tthl #Yangon_Times