#Local_News
Published_ 24 June 2024

▪️ မြန်မာပညာရေးလောကကို နှစ်လရှည်ကြာစွာဦးဆောင်ပဲ့ကိုင်သူခဲ့သူတစ်ဦးဖြစ်သလို တစ်သက်တာစာပေဆုရှင်လည်းဖြစ်သည့် ဝဏ္ဏကျော်ထင် ဆရာကြီး ပါရဂူဒေါက်တာသန်းဦး(ပြည်စိုးမင်း) ဇွန်လ၂၃ ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

 

▪️ ကွယ်လွန်ချိန်တွင် အသက်(၉၇)နှစ်ရှိပြီဖြစ်ပြီး ဇွန်(၂၅)ရက်မနက်၁၁နာရီအချိန်တွင် ရေဝေးသုဿန်၌သဂြိုဟ်သွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ ဆရာကြီး ပါရဂူဒေါက်တာသန်းဦး(ပြည်စိုးမင်း)နှင့် ပတ်သက်၍ စာရေးဆရာဟိန်းလတ်က"ဆရာကြီးဦးသန်းဦးကိုပညာရေးလောကမှာမသိသူမရှိ။ မြန်မာပညာရေးလောကကိုနှစ်လရှည်ကြာစွာဦးဆောင်ပဲ့ကိုင်သူကြီး။ ကျွန်တော်မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့မှာ စတင်လုပ်ကိုင်တော့ဆရာကြီးကဥက္ကဌပါ။ ဆရာကြီးရဲ့ပညာရည်ပြည့်ဝမှု စိတ်ရင်းစေတနာကောင်းမှုနဲ့ခေါင်းဆောင်မှု အရည်အသွေးတွေအောက်မှာ လုပ်ကိုင်ခွင့်ရခဲ့တာ ကျွန်တော်ကံထူးတာပါပဲ။ ကျွန်တော့်ရဲ့စာပေဝါသနာကိုလည်းမြေတောင်မြှောက်ပေးသူကျေးဇူးရှင်ကြီးပါ။ သက်တော်ရှည်ပညာရေးပါရဂူစာရေးဆရာကြီးဒေါက်တာသန်းဦးကောင်းရာသုဂတိလားပါစေ"ဟုရေးသားဖော်ပြထားသည်။

 

▪️ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှလည်း ဝမ်းနည်းကြောင်းဖော်ပြထားသည်။

 

▪️ တောင်ဥက္ကလာပ မြို့နယ် စာရေးဆရာအသင်းမှလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယခုလိုဖော်ပြထားသည်။



▪️ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းက လေးစားဂုဏ်ယူ တန်ဘိုးထားရပါသော ဆရာကြီး ဒေါက်တာ သန်းဦး(ပြည်စိုးမင်း)အသက် ၉၇ နှစ် သည် ယနေ့( ၂၃. ၆. ၂၀၂၄ )နေ့တွင် ကွယ်လွန်ကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်အတူ လွမ်းဆွတ် သတိရ ပူဆွေးသောက မျှဝေခံစားရပါကြောင်း။

 

▪️ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၏ ဥက္ကဋ္ဌ ဟောင်း (စာပေ ဗဟို တွဲမှူး ၃)ဦးအောင်ကြည်(အောင်ကြည်ညွန့်- တက္ကသိုလ်)၊ လက်ရှိဥက္ကဋ္ဌ ဦးမြတ်ကျော်(မောင်မြကျော်) တို့၏ လက်ဦးဆရာဖြစ်ပေသည်။

 

▪️ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းက ၂၀၂၃ ခုနှစ် အမျိုးသားစာပေတစ်သက်တာစာပေဆုရ ဆရာကြီး ဒေါက်တာသန်းဦး ကိုဂုဏ်ပြုငွေ ကျပ်တစ်သိန်း ဂုဏ်ပြုချီးမြင့်ခဲ့ပါသေးသည်။

 

▪️ ဆရာကြီး၏ ပညာရေးကဏ္ဍအပေါ် ထားရှိခဲ့သည့် ကျေးဇူးတရားများက ချီးကျူး၍ဂုဏ်ယူမဆုံးဖြစ်ရပါကြောင်းပါခင်ဗျာဟု ရေးသားဖော်ပြထားကြောင်း သိရသည်။

 

▪️ ဆရာကြီးသည်၁၉၇၆ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ မြန်မာနိုင်ငံ ပညာရေးသုတေသနဗျူရိုမှာ ဥက္ကဋ္ဌ၊ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ၁၉၈၉ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနရဲ့အကြံပေးပုဂ္ဂိုလ်၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းအပြင် မြန်မာနိုင်ငံစာတတ်မြောက်ရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ၁၉၄၆ ခုနှစ်မှ စတင်ထမ်းဆောင် ခဲ့ရာ မြန်မာနိုင်ငံစာတတ်မြောက်ရေးကြိုးစားလှုပ်ရှား မှုအတွက် ယူနက်စကိုအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်သော ၁၉၇၁ခုနှစ် ယူနက်စကိုဆု(မိုဟာမက်ရီဇာဖာလာဗီဆု)ကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုင်ငံ့ကိုယ်စား တက်ရောက် လက်ခံယူခဲ့သည်။

 

▪️ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအလုပ်သမားအစည်း အရုံးဗဟိုအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသုတေသနအသင်း အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။

 

▪️ ''မြန်မာနိုင်ငံပညာရေးဆိုင်ရာသမိုင်း''စာအုပ်ဖြင့် ၁၉၉၉ ခုနှစ်တွင် ''အမျိုးသားစာပေဆု'' ကိုရရှိခဲ့သည်။ 

 

▪️ ၂ဝ၁၅ ခုနှစ်  ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်  တက္ကသိုလ်အထူးဘွဲ့နှင်းသဘင်တွင်ချီးမြှင့်သော ''ဂုဏ်ထူး ဆောင် စာပေပါရဂူ'' ဘွဲ့ကို ရရှိခဲ့သည်။

 

▪️ ၂ဝ၁၅ ခုနှစ် မေ ၁၆ ရက်တွင် ဟာဝိုင်ရီတက္ကသိုလ် (၁ဝ၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်တွင်ချီးမြှင့်သော ''ဂုဏ်ထူး ဆောင်လူ ထုအကျိုးပြုစာပေပါရဂူ''ဘွဲ့ကိုလည်း ရရှိခဲ့သည်။

 

▪️ ယခုအခါ  မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ ဦးသန်းဦးဖောင်ဒေးရှင်းအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

#tthl #Yangon_Times