#Local_News
Published 24 June 2024

▪️ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ယခုနှစ်အတွင်း၁၃ ကြိမ်မြောက်အဖြစ် အထူးကု ဆေးကုသရေး ခရီးစဉ်များစေလွှတ်ကာဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

 

▪️ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေး ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေး ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်လည်း မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး - ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ သွားရောက်ကာ ခရိုင်ပြည်သူ့ဆေးရုံ၊ ကော့သောင်းမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊

 

▪️ အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၁၁၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၅၆ ဦး၊ ကလေးနှလုံးဆေးကုသမှုဆိုင်ရာ ၁၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ ၁၁၈ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၁၂၇ ဦး၊ အထွေထွေရောဂါဆေးပညာလူနာ ၁၉၀ စုစုပေါင်း ဒေသခံပြည်သူ ၆၂၅ ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ခြောက်ဦး၊ ကလေးနှလုံးရောဂါလူနာ တစ်ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းလူနာ သုံးဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ခံယူနိုင်ရန် ရန်ကုန်ရှိသက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၂၄ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၆၅ ဦး၊ ဓာတ်ခွဲစမ်းသပ်မှု ၆၄ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၁၀ ဦး၊ Ultrasound ရိုက်ကူးခြင်း ၃၄ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၂၁၄ ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ကြောင်း၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times