#Local_News
Published_ 22 June 2024

▪️ ပြည်ပနိုင်ငံများမှ  တင်သွင်းလာသည့်  ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ကို တင်သွင်းရောက်ရှိခြင်းမရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထပ်မံအသိပေးလာကြောင်း သိရသည်။

 

▪️ ခွင့်ပြုချက်မရဘဲ တင်သွင်းလာသည့်  ကုမ္ပဏီများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း  လိုက်နာခြင်းမရှိသည့်အတွက်  ထပ်မံနှိုးဆော် အသိပေးရခြင်းဖြစ်ကြောင်း ဆိုထားသည်။

 

▪️ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏  ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၃/၂၀၂၄) နှင့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းသိရသည်။

 

▪️ အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့်  ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသည့်  ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်း မပြုလုပ်ရန်နှင့် ခွင့်ပြုချက် မရရှိဘဲရောက်ရှိပါက အဆိုပါတင်သွင်းသည့်ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်၌  အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၀)နဲ့ ထုတ်ပြန်ထားသော်လည်း  သတ်မှတ် စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသည့်  ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်း ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရကြောင်း ဆိုသည်။

 

▪️ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သည့် အရေးကြီးကုန်ပစ္စည်းများ ကို အကောက်ခွန်ဦးစီးဌာန၏  လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကုန်လှောင်ရုံများတွင်  ထည့်သွင်းခွင့်ပြု ထားပြီးဖြစ်ကြောင်း၊ထို့ကြောင့် ထုတ်ပြန်ပေးထားသည့်  ဥပဒေနှင့်စည်းကမ်းများကို အလေးအနက်ထား လိုက်နာစေရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ပါမစ်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်း ရောက်ရှိမှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထပ်မံ နှိုးဆော်အသိပေးကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times