Published-11 June 2024

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း‌ ဟံသာဝတီ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ခုနှစ်ခုကို အဆင့်မြှင့်တင်မည်ဖြစ်‌ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ  အဆင့်မြှင့်တင်မည့် လေဆိပ် ခုနစ်ခုမှာ တာချီလိတ်၊ဟံသာဝတီ၊ မော်လမြိုင်၊ သံတွဲ၊ ပူတာအို၊   မြိတ်နှင့် ကော့သောင်းလေဆိပ်များဖြစ်ကြောင်း ၊ ထိုသို့အဆင့်မြှင့်တင်ရာတွင် အရှည်ပေ ၈၀၀၀နှင့် အကျယ်ပေ ၁၅၀ ရှိသည့် ပြေးလမ်းများကို အရှည်ပေ ၉၀၀၀ နှင့် အကျယ်ပေ ၁၅၀ သို့ အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း၊ တိုးချဲ့လိုက်သည့် ပြေးလမ်း၏ ပေ ၁၀၀၀ ရှည်သောအပိုင်းကို ကတ္တရာကွန်ကရစ်အလွှာဖြင့် အဆင့်မြှင့်မည်ဖြစ် ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း မြေဧက ၉၆၉၀ ဒသမ ၄ ဧကပေါ် အကောင်အထည်ဖော်နေကာ လုံခြုံရေး ခြံစည်းရိုးခတ်ခြင်း ဆောင်ရွက်လျက်ရှိပြီး အရှည်ပေ ၃၄၀၀ ခြံစည်းရိုးကို ၁၀ ပေ အမြင့်ရှိသည့် အုတ်နံရံများခတ်ကာ ကာရံသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်လေဆိပ်ကို အလျား ၁၅၄၅၀ ပေနှင့် အမြင့် ၆ ပေရှိသည့် နံရံများဖြင့် အဆင့်မြှင်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ပူတာအိုလေဆိပ်တွင် အရှည်ပေ ၈၅၀၀နှင့် အကျယ်ပေ ၁၀၀ ရှိသော ပြေးလမ်းကို ကတ္တရာအလွှာဖြင့် ထပ်မံအဆင့်မြှင်တင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်၊ တာချီလိတ်လေဆိပ်၏ ပျက်စီးနေသော ခြံစည်းရိုးအား အုတ်တံတိုင်းများဖြင့် ပြန်လည်ပြုပြင်ကာ လုံခြုံရေးအထောက်အပံ့များဖြင့် ကာရံမည်ဖြစ် ကြောင်းသိရသည်။

မြိတ်လေဆိပ်ကိုမူ  ပြေးလမ်း အရှည်ပေ ၉၀၀၀နှင့် အကျယ် ပေ ၂၀၀ တွင် ကတ္တရာကွန်ကရစ်အလွှာခင်းခြင်းဖြင့် အဆင့်မြှင်တင်
ဆောင်ရွက်မည်ဖြစ်ပြီး  ပြေးလမ်းအရှည် ပေ ၆၀၀၀နှင့် ပေ ၁၅၀ ကျယ်ဝန်းသည့် ကော့သောင်းလေဆိပ် ပြေးလမ်းကိုလည်း AC အလွှာခင်းခြင်းဖြင့် အဆင့်မြှင်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြှင့်တင်မည့် လေဆိပ် ၇ ခုမှာ လေကြာင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန အောက်တွင်ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group