#Local_News
Published_08 June 2024


▪️ မြန်မာ့လူငယ်ဆရာ၊ ဆရာမကိုယ်စားလှယ်အဖွဲ့ဝင်(၁၇)ဦးသည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးနှင့် ကူးလူးဖလှယ်ရေးခရီးစဉ်သွားရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

 

▪️ မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ရခိုင်စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းမှ လူငယ်ဆရာ၊ ဆရာမကိုယ်စားလှယ် ၁၇ ဦးသည် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့ထိ တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်း၊ ကူမင်းစသည့် မြို့များရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းပေါင်း ၈ ကျောင်းသို လေ့လာရေးခရီး လာရောက်ခဲ့ကြသည် ဟုဆိုသည်။

 

▪️ ယင်းသို့လာရောက်ပြီး တရုတ်နိုင်ငံကျောင်းများ၏ ပညာသင်ကြားမှုနှင့် လုပ်ငန်းလည်ပတ်မှုအတွေ့အကြုံများကို သုတေသနပြုရင်း တရုတ်ကျောင်းမှဆရာ၊ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ ရင်းနှီးစွာကူးလူးဖလှယ်ခဲ့ကြရာ နှစ်ဦးနှစ်ဘက်မှကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုသည့် တက်ကြွသောဆန္ဒကို ဖော်ပြခဲ့ကြသည်ဟုဖော်ပြထားသည်။

 

▪️ ပေကျင်းမြို့ကျင်းယွမ် (Jingyuan) ကျောင်းတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းဌာနသို့ သွားရောက်လေ့လာရင်း အဆိုပါကျောင်း၏ နှစ်ပေါင်း ၁၅ နှစ်တိုင် ကျင့်သုံးခဲ့သည့် လက်တွေ့သင်ကြားမှုပုံစံများကို လေ့လာခဲ့ကြသည်။ ကူမင်းမြို့ရှီလိန် (Shilin) ခရိုင် တိုင်းရင်းသား အထက်တန်းကျောင်း၌ ကိုယ်စားလှယ်အဖွဲသည် ကျောင်းသားကျောင်းသူများမှ ဖျော်ဖြေသည့် တိုင်းရင်းသားရိုးရာအဆိုအကများကို ရှုစားခဲ့ကြသည်။

 

 ▪️ Affiliated School of Kunming NSAU Research Institute တွင် ကိုယ်စားလှယ်အဖွဲ့ကို ကျောင်းသားကျောင်းသူများမှ ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသည့်မုန့်များ၊ အလှစက္ကူညှပ်လက်ရာများ၊ ပန်းထိုးအလှလက်ရာများဖြင့် ကြိုဆိုခဲ့ကြသည်။

 

▪️ တရုတ်နိုင်ငံရှိကျောင်းများ၏ ပြီးပြည့်စုံသော အဆောက်အအုံပစ္စည်းများ၊ သန့်ရှင်း၍ အလင်း ရောင်ကောင်းကောင်းရရှိသော စာသင်ကျောင်းဆောင်များ၊ ခေတ်မီသည့် ကျောင်းလည်ပတ်မှုအယူအဆများ၊ နွေးထွေးသည့် ကျောင်းဝင်းယဉ်ကျေးမှုများ၊ ကြွယ်ဝပြီးစိတ်ဝင်စားဖွယ်ရာ သင်ရိုးညွန်းတမ်းများသည် မြန်မာလူငယ် ဆရာ၊ ဆရာမများကို နက်ရှိင်းသော အမှတ်ထင်ကျန်ရစ်စေခဲ့သည်။

 

▪️ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်ကိုလည်း လေ့လာကြည့်ရှုပြီး ဗုဒ္ဓမြတ်စွယ်တော်ကိုလည်း ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

 

#tthl #Yangon_Times