#Local_News
Published_06 June 2024

▪️ ကိုဗစ်-၁၉ ချေးငွေသက်တမ်း ၃ နှစ်ကျော်လွန်ပြီး အတိုးနှင့် အရင်းပါ ပြန်ဆပ်ရန်  ပျက်ကွက်နေဆဲဖြစ်သည့် ကုမ္ပဏီ/ လုပ်ငန်းများ ကို ဇူလိုင် ၁ ရက်နေ့ မတိုင်မီအမြန်ဆုံး အပြေအကျေပြန်ဆပ်ရမည်ဖြစ်ကြောင်း ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ ကြေညာချက်အရ သိရသည်။

 

▪️ အဆိုပါ ချေးငွေများမှာသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သည့်အတွက် နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး /ပြည်နယ်များရှိကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန် တာဝန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အမြန်ဆုံးအပြေအကျေပြန်လည်ပေးဆပ်ရန် အသိပေးလိုက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

▪️ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများအားချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း၁ရာခိုင်နှုန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်ကစတင်၍ချေးငွေများကိုထုတ်ချေးပေးခဲ့ပြီး  ချေးငွေသက်တမ်းတစ်နှစ်ပြည့်မြောက်ချိန်၌  ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လနှင့် တတိယအကြိမ် ၁ နှစ် တို့ဖြင့်  စုစုပေါင်း ၃ နှစ်အထိချေးငွေသက်တမ်းများကိုတိုးမြှင့် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

▪️ ကိုဗစ်ကြောင့် ထိခိုက်မှုရှိခဲ့သည့်  စီးပွားရေးလုပ်ငန်းများ အနက် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများစသည့်  အသေးစား၊အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများကိုအထိနာဆုံးစီးပွားရေးလုပ်ငန်းကဏ္ဍအဖြစ် သတ်မှတ်ပြီးပထမအကြိမ်၌ ကိုဗစ်−၁၉ ရန်ပုံငွေမှ ကျပ် ၁၀၀ ဘီလီယံ၊ ဒုတိယအကြိမ်၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲမှ ကျပ် ၁၀၀ ဘီလီယံ၊ စုစုပေါင်းကျပ် ၂၀၀ ဘီလီယံကိုအတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးထားခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times