Published 16 May 2024

ယူကရိန်း စစ်မြေပြင်အခြေအနေက ဗုဒ္ဓဟူးနေ့မှာ ပိုမိုဆိုးရွားလာတာကြောင့် သမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက နိုင်ငံခြားခရီးစဥ်တွေအားလုံး ရွှေ့ဆိုင်းလိုက်ရပါတယ်။

ခါကိဗ်ဒေသရှိ အရှေ့မြောက်ဘက် နယ်စပ်မြို့ ဗို့ဗ်ချန့်စ်မှာ တိုက်ခိုက်မှုတွေ  ပြင်းထန်နေတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

ရုရှားတို့က ထိုဒေသကို သောကြာနေ့က စတင်ကျူးကျော်လာပြီး စစ်မျက်နှာပြင်အသစ် ဖွင့်လာရာ နယ်စပ်မှ ၅ ကီလိုမီတာဝေးတဲ့ မြို့ကိုသိမ်းပိုက်ထားနိုင်ပါတယ်။

ထိုတိုက်ခိုက်မှုကြောင့် အရှေ့ဘက်နဲ့ တောင်ဘက် ၁၀၀၀ ကီလိုမီတာရှိတဲ့ ရှေ့တန်းမှာ နေရာယူထားတဲ့ ယူကရိန်းတပ်တွေ ဟန်ချက်ပျက်လာစေကာ ရုရှားတို့က အရှေ့ဘက်ကို တဖြည်းဖြည်းချင်း နေရာယူလာပါတယ်။

အခြေအနေက အလွန်ခက်ခဲလာပြီး ဗို့ဗ်ချန့်စ်မြို့က လမ်းတွေမှာ ရန်သူတွေ နေရာယူထားကြောင်း ဗို့ဗ်ချန့်စ်ကင်းလှည့်ရဲတပ်ဖွဲ့ အကြီးအကဲ အိုလက်ခ်ဆီခါကိဗ်စကီက ပြောပြသွားပါတယ်။

မြို့ထဲကို ရုရှားခြေလျင်တပ်အချို့ ဝင်ရောက်လာပေမယ့် ယူကရိန်းတပ်တွေက တချို့တဝက်ကို ပြန်ဖယ်ထုတ်နိုင်ခဲ့ကာ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်း အစွန်တွေမှာ ပြင်းထန်စွာ ခုခံနေရတယ်လို့ ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြပါတယ်။

နယ်စပ်တလျှောက် ရုရှားတိုက်ခိုက်မှု ၄ ကြိမ်ကို ခုခံနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ညဘက်ကြီး တင်ပြလာပါတယ်။

ရန်သူဘက်က အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဗို့ဗ်ချန့်စ်နဲ့ လုခ်ယန်စီဒေသတို့မှာ ယူကရိန်းတပ်တွေ နေရာအသစ် ရွှေ့ပြောင်းခဲ့ရကြောင်း ဆိုပါတယ်။

ရုရှားက ထိုဒေသမှာ နေရာသစ် ၂ ခုထပ်မံခြေချနိုင်ခဲ့ရာ သောကြာနေ့တည်းကဆိုရင် ၁၂ နေရာရှိလာပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

ဗို့ဗ်ချန့်စ်မှာ ကျန်နေတဲ့ ရဲအရာရှိတွေက အရပ်သား ၈၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နိုင်အောင် ကူညီပေးနေပါတယ်။

ဇယ်လန်စကီက လာမယ့်ရက်တွေမှာ သွားဖို့စီစဥ်ထားတဲ့ နိုင်ငံခြားခရီးစဥ်အားလုံး ရွှေ့ဆိုင်းထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဆာဂျီနစ်ကီဖိုရော့ဗ်က ဆိုပါတယ်။

ယူကရိန်းက တပ်သားအင်အား လျော့နည်းနေတဲ့အပြင် အမေရိကန်မှ လက်နက်ထောက်ပံ့မှုတွေကလည်း နှောင့်နှေးနေပါတယ်။

ဒါဟာ ရုရှားတို့အတွက် အခွင့်ကောင်းဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း သိရှိနေတယ်လို့ ယူကရိန်းလွှတ်တော် ဥပဒေပြုအမတ် ဆာဟီရက်ခ်မာနင်က ပြောပါတယ်။
Source: Reuters
#World_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group