၁၅ မေ ၂၀၂၄
အိမ်နီးချင်းမြန်မာနိုင်ငံမှ တရားမဝင် ရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ လူသတ်မှု၊ပြန်ပေးဆွဲမှုနှင့် အခြားသော ရာဇဝတ် မှုတွေမှာ ပါဝင်ပတ်သက်နေကြလို့ သူတို့ကို မြန်မာနိုငငံရှိ သူတို့နေရပ်သို့ ချက်ခြင်းပြန်ပို့ဖို့ မဏိပူဥပဒေပြုလွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ လေရှီယီကိုင်ရှင်းက ပြည်နယ်ဝန်ကြီးချုပ် အင်နဘီရင်ဆင်းကို စာရေးတောင်းဆိုခဲ့တယ်လို့ အိန္ဒိယ ဒေသတွင်း မီဒီယာအချို့က သတင်းရေးသားဖော်ပြကြပါတယ်။
အိမ်အမျိုးမျိုးမှာ ခိုလှုံနေကြတဲ့ အဲဒီတရားမဝင်မြန်မာဒုက္ခသည်တွေဟာ ဒေသခံတွေနှင့်ခိုက်ရန်ဖြစ်ပြီး ဒေသခံတွေကို ရိုက်နှက်ကြလို့ ဥပဒေစိုးမိုးရေးပြဿနာတွေဖြစ်နေရတယ်လို့ လွှတ်တော်အမတ်ကိုင်ရှင်းကပြောပါတယ်။သူဟာ မဏီပူ ဥပဒေပြုလွှတ်တော်မှာ ထင်ရှားတဲ့အမတ်တစ်ဦးဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့တဲ့သူ့ရဲ့စာထဲမှာ မဏိပူကို တရားမဝင် ဝင်ရောက်လာသူတွေရဲ့ ပြဿနာတွေကို မီးမောင်းထိုး ပြထားပါတယ်။ အထူးသဖြင့် ၂၀၂၃ နိုဝင်ဘာလကစပြီး တရားမဝင်ရောက်ရှိလာသူတွေဟာ ၅၈၀၀ ဦးကျော်သွားပြီလို့ စာထဲ မှာရေးထားပါတယ်။ အဲဒါကြောင့် အရေးယူမှုတွေချက်ခြင်းလုပ်ဖို့လိုနေပြီလို့ သူကတောင်းဆိုထားပါတယ်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ တရားမဝင်ရောက်ရှိလာသူတွေအနက် ၅၁၇၃ ဦးရဲ့ ဇီဝအချက်အလက်တွေကို ပြုစုထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ဘာကြောင့် မြန်မာဒုက္ခသည်တွေကို နေရပ်ချက်ခြင်းပြန်ပို့သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေကို လည်း သူက စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ သူတို့ဟာ အရပ်ထဲက ဒေသခံတွေနှင့်တင်းမာမှုတွေကိုပြင်းထန်လာ နေပြီး လုပ်ခနှင့်အခြားသော ကိစ္စများကြောင့် အငြင်းပွားပြီး အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေတာဖြစ်တယ်လို့ သူက အကြောင်းပြထားတာပါ။
ဒေသခံတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့အရေးတကြီးလိုအပ်နေပြီလို့ သူကစာထဲမှာရေးသားထားပါတယ်။
Source HinduPost