၉ မေ ၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နယ်ရှိ ဆုံရွာကျေးရွာအား ယနေ့မေလ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ရတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်မှာရှိတဲ့ အဆိုပါ ဆုံရွာကျေးရွာကို  အကြမ်းဖက်သမားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်တဲ့အတွက် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ  လည်းရရှိခဲ့တယ်လို့သိရပါတယ်။

ဆီမီးခုံကျေးရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဆုံရွာကျေးရွာ ပြည်သူ့စစ်စခန်းအား ယနေ့ နံနက်ပိုင်းတွင် ကျေးရွာ၏   တောင်ဘက်နှင့် အရှေ့တောင်ဘက်မှနေ၍ PDF အကြမ်းဖက်သမားများက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ ပြည်သူ့  စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာ နေအိမ်များအား မီးရှို့  ဖျက်ဆီးခဲ့တာဖြစ်တယ် လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းကဲ့သို့ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ကျေးရွာအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျေးရွာအတွင်း နေအိမ် ၅၀ခန့်မီးလောင်ပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကျေးရွာနှင့်အနီးဆုံး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသို့ သွားရောက်၍ လိုအပ်သည့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကာ ထိခိုက်ဒဏ်ရာ ရရှိသူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဆုတ်ခွာထွက်ပြေးသွားခဲ့ သည့် အကြမ်းဖက်သမားများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

@ymg/knl