#Local_News
Published 8 May 2024

▪️ ရွှေတိဂုံစေတီတော်သို့ နှစ်လတာအတွင်း ကျပ်သိန်းပေါင်းနှစ်သောင်း  သုံးထောင်ကျော်တန်ဖိုးရှိ ရွှေပြားနှင့် အလှူငွေများအားအလှူရှင်များမှ စေတနာသဒ္ဒါတရားထက်သန်စွာ  လှူဒါန်းခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

▪️ ထိုသို့လှူဒါန်းရာတွင်  ၂၀၂၄ ခုနှစ်၊ မတ် ၁ ရက်မှ  ဧပြီ ၃၀ ရက်ထိကာလအတွင်း သုံးကျပ်သားရွှေပြား ခုနှစ်ချပ်နှင့်  တစ်ကျပ်သားရွှေပြား ၅၃ ချပ်တို့အား အလှူရှင် ၄၇ ဦးတို့ကလည်းကောင်း၊ ငွေသားအလှူရှင် ၁၁၆ ဦး အပါအဝင်  လှူဒါန်းငွေစုစုပေါင်းကျပ် ၂၃၁၆၅၀၉၅၅၇(ကျပ်သိန်းပေါင်းနှစ်သောင်း  သုံးထောင်တစ်ရာခြောက်ဆယ့်ငါးသိန်းကိုးထောင်ငါးရာငါးဆယ့်ခွန်)တို့အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

▪️ အဆိုပါ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ကျပ်တစ် သိန်းနှင့်အထက်အလှူရှင်များအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၆)ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုလွှာ ပြန်လည်ချီးမြှင့်ခြင်းအခမ်းအနားနှင့် လှူဒါန်းမှု အစုစုအတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမာန်နေ့နေ့လယ်ပိုင်းတွင် စေတီတော်ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များက ရွှေစင်ရွှေပြားများနှင့်အလှူတော်ငွေများကိုပေးအပ်လှူဒါန်းကြရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးလှမြင့်နှင့် ဂေါပကအဖွဲ့ဝင်များကလက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

▪️ ထို့နောက်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ  ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်) ထံမှ အခမ်းအနားတက်ရောက်သူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကာ အခမ်းအနားကိုရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times