#Local_News
Published_ 7 May 2024


▪️ စွမ်းအင်ဝန်ကြီးဌာနက စက်မှုဝန်ကြီးဌာနရှိ စက်ရုံ ၁၂ ရုံသို့ သဘာဝဓာတ်ငွေ့တစ်နှစ်လျှင် ၃၀ ကုဗပေသန်း ပို့လွှတ်ပေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာန၌ မေ ၆ ရက်က ကျင်းပတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

▪️ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနမှထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် ကြိုးစားနေပြီး အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) မှထုတ်လုပ်သော ပိတ်ဖြူ၊ ပိတ်ညိုများကိုအဖြူချွတ်ပြီး ဂျပန်နိုင်ငံ ဆူရာတိုမိုကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်း၍ ဆေးဆိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

▪️ ပြည်တွင်း၌လိုအပ်သော အထည်များချုပ်လုပ်နိုင်ရန်အတွက်ပိတ်များ ရက်လုပ်လျက်ရှိကာ သဘာဝဓာတ်ငွေ့ရရှိပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်နိုင်မည့်အပြင် ထုတ်ကုန်ပစ္စည်းများရဲ့ အရည်အသွေးများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာနမှ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိထိရောက်စွာ အသုံးပြုသွားမယ်လို့ ပြောဆိုပါတယ်။

 

▪️ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလွင်က အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့များကို ရေနံချောင်းမြို့ရှိ ခွဲလွှတ်ရုံမှ ပေးပို့နိုင်ရေး သီးသန့်ပိုက်လိုင်းတစ်ခု တည်ဆောက်ပေးခဲ့ကာ သဘာဝဓာတ်ငွေ့နှင့် ရေနံများကို ကန့်သတ်ချက်များဖြင့် ထုတ်ယူနေရတဲ့အတွက် ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိစွာ သုံးစွဲစေလိုကြောင်း ပြောပါတယ်။

 

▪️ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထည်စက်ရုံ (ရွှေတောင်)သို့ သဘာဝဓာတ်ငွေ့ များကို ၁၉၈၇ ခုနှစ်မှစတင်၍ ပြည်ရေနံမြေ၊ အဖျောက်ရေနံမြေတို့မှ ပို့လွှတ်ခဲ့ကြောင်း၊ စက်ရုံအနေဖြင့် စာချုပ်ချုပ်ဆို ထားသည့်ပမာဏအတိုင်း သုံးစွဲစေလိုကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များရှိပါက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။


#Ymg_mnn #Yangon_Media_Group