Published 2 April 2024

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦးနှင့် မြန်မာ နိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ၏ထုတ်ပြန်ချက်အရသိရသည်။

မြန်မာ - တရုတ် နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စစ်ဆင်ရေးကာလအတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး (ကျား ၃၃၇ ဦး ၊ မ ၁၅ ဦး) နှင့် မြန်မာ နိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၃၅၂ ဦးကို တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နှင်လွှဲပြောင်းပေးခဲ့ရာ ၃၀၀ ဦးကို ၂၉-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ၃၀ ဦးကို ၃၀-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ၂၂ ဦးကို ၃၁-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း မူဆယ်မြို့၊ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group