#Local_News
Published 31 March 2024


လာမည့် ဧပြီ၁ရက်တွင်ကျင်းပမည့် ၆၁ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန်အောင်ဘာလေ ထီလက်မှတ်ရောင်းရငွေ မှ  ကျပ် ၅ ဘီလျံခွဲနီးပါးကျော်ရရှိပြီး  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့ရောင်းချရရာယခင်လထက်ကျပ်သန်း၆၀၀ကျော်ဖိုး ပိုမိုရောင်းချနိုင် ခဲ့ကြောင်းသိရသည်။

 

ယခု၆၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင်  စျ အက္ခရာတစ်လုံးပိုလာပြီး အက္ခရာ ၉ လုံး၏  ၇၅ ရာခိုင်နှုန်းရောင်းချရာတွင်  ကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်းရရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ပြန်လည်ချီးမြှင့်မည်ဖြစ်ရာ ကျပ် ၃၈၆၅ ဒသမ ၉၃၂ သန်းကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ၆၁ ကြိမ်မြောက် အောင်ဘာလေဆုအဖြစ် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုအပြင် ဝေဝေဆာဆာပဒေသာဆုအဖြစ် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည့် အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

 

အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့ကို ၅၅ ကြိမ်မြောက်မှစတင်၍ သီးခြားစီဖွင့်လှစ်ပေးခဲ့ပြီး ၆၁ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို မတ်လ ၂၈ ရက် ည ၁၂ နာရီမတိုင်မီအထိ ရောင်းချခဲ့ပြီး ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏  စုစုပေါင်းရောင်းရငွေအပေါ် ရာခိုင်နှုန်း ၇၀ ကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ၆၁ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဆုဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက် မနက် ၈ နာရီအချိန်၊ အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို မနက် ၁၀ နာရီအချိန်၌ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ထီလက်မှတ်ရောင်းရငွေ #YMG/ NN #Yangon-Times