#Local_News
Published 15 March 2024


ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသည့် မျှင်ငပိများဈေးကောင်းရနေကြောင်း ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

 

အဆိုပါဧရာဝတီတိုင်းဒေသကြီး ဘိုကလေး၊ ဖျာပုံစသည့်ဒေသများမှထွက်ရှိသည့် မျှင်ငါးပိ အချိန် ၁၀ ကို ငွေကျပ် ၁၈၅,၀၀၀ အထိ ဈေးရှိနေပြီးရန်ကုန်ဈေးကွက်သို့တင်ပို့လေ့ရှိကြောင်း သိရသည်။

 

"မျှင်ငပိဈေးက ပုံမှန်လေးကောင်းနေတယ်၊ ဒီဘက်ကထွက်တာကပိုချိုတယ်လေ၊ ရန်ကုန်ကိုအဓိကတင်ပို့တာပါ၊ မှာယူတာလည်းများလို့ တစ်လတစ်လပိုတိုးပို့ရတယ်" ဟု ဘိုကလေးမြို့နယ်က ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

ထိုသို့တင်ပို့ရာတွင် ပိသာချိန် ကိုးထောင်နီးပါးတင်ပို့နေရပြီး မျှင်ငါးပိပြုလုပ်သူများအနေဖြင့် ပင်လယ်ပြင်မှရရှိသည့်  မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သည့် မျှင်ငါးပိအဖြစ် ထုပ်လုပ်ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။

 

မျှင်ကောင်လေးများသည် အကောင်ရေသိန်းသန်းချီပြီးကမ်းခြေအနီး ရေတိမ်ပိုင်းမှာ အုပ်စုဖွဲ့နေထိုင်လေ့ရှိရာဖမ်းဆီးရမိသော မျှင်ကောင်များအားအမှိုက်များ၊ သဲများနှင့် ရောနှောပါလာတတ်သည့်ငါးငယ်များအား ဖယ်ယူသန့်စင်ရ‌ကြောင်း၊ ထို့နောက် တစ်နေ့လုံး နေရောင်ရရှိနိုင်သည့် ကွင်းပြင်ကျယ်များတွင်သန့်ရှင်းသည့် အကွက်စိပ် ပလတ်စတစ်ပိုက်များခင်းကာ တစ်နေ့တာ နေလှန်းပြီးနောက်, မျှင်ခြောက်များအားဒေသရိုးရာ လက်ထောင်းဆုံ,ခြေနင်းမောင်းဆုံတို့ဖြင့် ရေအနည်းငယ်ဆွပ်ဖျန်း၍ ကြေညက်အောင်ထောင်းရလေ့ရှိကြောင်း သိရသည်။

 

ထိုသို့ထောင်းယူပြီးနောက် အဖဲ့ငယ်များဖဲ့ကာ နေထပ်လှန်းရ‌လေ့ရှိကြောင်း၊ ၎င်းမှာ တစ်ထပ်ထောင်းနေလှန်းပြီးနောက် ဒုတိယအကြိမ်ရှေ့နည်းတူ နှစ်ထပ်ထောင်းရလေ့ရှိကြောင်း၊ ထိုသို့ထောင်းပြီးသည့်နောက် ထပ်၍နေလှန်ပြီးသည့်နောက် ရှေ့နည်းတူစွာပင် ထပ်၍ထောင်းပြီးသေါအခါ အသင့်စားသုံးနိုင်သည့်မျှင်ငါးပိကိုရရှိကြောင်း သိရသည်။

 

အဆိုပါ မျှင်ငါးပိ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် ဒေသထုတ်ကုန် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မျှင်ငါးပိ လုပ်ငန်းတစ်ခုလျှင် လုပ်သားအနည်းဆုံး ၁၀ ဦး မှ ၁၅ ဦး အထိ ဒေသတွင် အလုပ်အကိုင်ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

 

#Local_News #မျှင်ငါးပိများဈေးကောင်းရနေ #YMG/NN #Yangon_Times