Published_ 5 March 2024

မဲခေါင် - လန်ချန်းစီမံကိန်းဖြင့် တိရစ္ဆာန်ကာကွယ် ဆေးများ စမ်းသပ်စစ်ဆေးနိုင်မည့် "ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံ"ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံကို ဖွင့်လှစ်ပေးကြပြီး ဆေးစမ်းတိရစ္ဆာန်များမွေးမြူထားရှိမှု၊ ကာကွယ် ဆေးများ စမ်းသပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။          

အဆိုပါ‌ ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံကို မဲခေါင် - လန်ချန်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း(၂၀၂၁) အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး

တိရစ္ဆာန် ရောဂါကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့်ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့်အာနိသင်အား စမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများဖွင့်ပွဲ အခမ်းအနားကို  ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါကာကွယ် ဆေးထုတ်လုပ်ရေးဓာတ်ခွဲခန်း အဆောက်အအုံရှေ့၌ မတ်လ(၃)ရက်က ကျင်းပခဲ့သည်။

အခမ်းအနားတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက "မွေးမြူထုတ်လုပ်မှုလုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးလာခြင်းဖြင့် ပြည်တွင်းအသားစားသုံးမှုလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့်ပို့ကုန် ကဏ္ဍမြှင့်တင်ရန်အပြင် မွေးမြူသူများနှင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် မွေးမြူရေးဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း၊ လက်တွေ့အသုံးချ မွေးမြူရေးနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ခြင်းကို သုတေသီများ၊ ပညာရှင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း" ပြောကြားခဲ့သည်။

 

ယင်းအခမ်းအနားသို့စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတာဝန်ရှိသူများ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းပညာရှင်များတက်ရောက်ခဲ့ ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group