#Local_News
Published 3 March 2024


ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ရွှေပိတောက် ငါးဈေးကြီး သို့တစ်ရက်လျှင် ရေချို/ရေငန် ရေထွက်ကုန်တန်ချိန် လေးသိန်းကျော်ဝင်ရောက်ဖြန့်ချီလက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၏ထုတ်ပြန်မှုအရသိရသည်။

 

ရွှေပိတောက်ငါးဈေးသို့ ရန်ကုန်၊ ဧရာဝတီနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ ရေချိုငါး/ပုစွန်များ ဝင်ရောက်သည့် နည်းတူ ပင်လယ်ပြင်မှ ရေငန်ထွက်ကုန် များလည်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

ဇန်နဝါရီမှ ဧပြီလအထိ မွေးမြူရေးကန်အများစု ကန်ဖော်ချိန်ဖြစ်၍ ငါးဈေးသို့ ရေချိုထွက်ကုန် အများဆုံးဝင်ရောက်သောကာလ ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ပစ္စည်းများ လှိုင်လှိုင်ပို့ဆောင်နေသော အချိန်ကာလလည်းဖြစ်သည်။

 

ရေချိုထွက်ကုန်များဖြစ်သော ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးကြင်း၊ ငါးမုတ်၊ ငါးကျည်း၊ ငါးမွေထိုး၊ ငါးပြေမ၊ ငါးခူ၊ ငါးပနော် အပါအဝင် မွေးမြူရေးနှင့် သဘာဝရေထွက်ကုန် အမျိုးအစား ၃၀ ကျော်နှင့် ရေငန် ထွက်ကုန်ဖြစ်သော ရွှေငါး၊ ငါးကျီးကန်း၊ မျက်ကျယ်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပုစွန်အပါအဝင် ရေငန်အမျိုး အစား ၁၀၀ ခန့် ဝင်ရောက်လျက်ရှိရာ အချို့ရေချို/ရေငန်ထွက်ကုန်များအား စက်ရုံများနှင့် အအေးခန်းများသို့လည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်းသိရသည်။

 

ရွှေပိတောက်ငါးဈေးတွင် ဈေးရုံ ရှစ်ရုံ၊ ဆိုင်ခန်း ပေါင်း ၄၄၄ ခန်း၊ ပျံကျဆိုင်ခန်း‌ ၁၈၀ ကျော်ရှိပြီး ဈေးရုံ ရှစ်ရုံတွင် ဂါလန် ၁၀၀၀ ဆံ့ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးပြီး ငါးဒိုင်များသန့်ရှင်းရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယခင်ကထက် ငါးဈေး ကြီးအတွင်း သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက်နိုင် ပြီး ဈေးသာယာလှပရေး၊ သန့်ရှင်းရေးနှင့် လုံခြုံရေး ကဏ္ဍတို့တွင်လည်း ဈေးသူ ဈေးသားများနှင့် တာဝန် ရှိအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

#Local_News #ရေထွက်ကုန်တန်ချိန်လေးသိန်းကျော်ဝင်ရောက် #YMG/LW #Yangon_Times