#Local_News
Published-2 March 2024

ပြည်ပခရီးသွားများအတွက် ကျန်းမာရေးသတ်မှတ်ချက်အသစ်ကို ပြောင်းလဲသတ်မှတ်လိုက်ရာ ယနေ့မှစ၍ အကျုံးဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ  မြန်မာနိုင်ငံသို့  ဝင်ရောက်မည့်  ပြည်ပခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၉ ရက်၌  ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ခရီးသွားများအနေဖြင့်  မြန်မာနိုင်ငံသို့  ဆိုက်ရောက်လာချိန်တွင်  သက်ဆိုင်ရာ ကျန်းမာရေးအရာရှိများမှ  ဆောင်ရွက်သည့်  ကိုယ်အပူချိန်တိုင်းတာခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုကို ခံယူရမည်ဖြစ်‌ကြောင်းသတ်မှတ်ထားခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ်အပါအဝင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဖြစ်ပေါ်လာပါက  ကုန်ကျစရိတ်ကို မိမိစရိတ်ဖြင့်ကျခံရမည်ဖြစ်ပြီး ကျန်းမာရေးအာမခံဝယ်ယူလိုပါက မြန်မာ့အာမခံလုပ်ငန်း ဝက်ဘ်ဆိုက်၌  လေ့လာဝယ်ယူနိုင်ကြောင်း ဆိုထားသည်။


ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင်  ထုတ်ပြန်ခဲ့သည့်  သတ်မှတ်ချက်တွင်မူ  ခရီးသွားများအနေဖြင့်  မြန်မာနိုင်ငံသို့  ဆိုက်ရောက်ချိန်တွင်  ကျန်းမာရေးကြေညာချက်တင်ပြရန် ၊ ကျန်းမာရေးအာမခံဝယ်ယူထားသည့်  အထောက်အထားများ တင်ပြရန်သတ်မှတ်ခဲ့သော်လည်း  ယခုသတ်မှတ်ချက်အသစ်တွင်မူ ယင်း အချက်များအား လျှော့ပေါ့ပေးလိုက်ကြောင်း သိရသည်။

 

ယခုထုတ်ပြန်လိုက်သည့်  သတ်မှတ်ချက်အသစ်သည့်  မတ်လ ၁ ရက်ယ‌နေ့ကစတင်၍ အကျုံးဝင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင်  ထုတ်ပြန်ခဲ့သည့်  သတ်မှတ်ချက်ကို အစားထိုးမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ပြည်ပခရီးသွားများ #ကျန်းမာရေးသတ်မှတ်ချက်အသစ် #YMG/NN #Yangon_Times