#Local_News
Published February 2024


မြန်မာ့အထည်ချုပ်လုပ်ငန်းများကို ဥရောပဈေးကွက်၌ အီတလီနှင့် စပိန်နိုင်ငံတို့ စိတ်ဝင်စားမှု အဓိကမြင့်တက်နေပြီး ဗြိတိန် (UK)နှင့် ဂျာမနီနိုင်ငံတို့မှလည်း အထိုက်အလျောက် စိတ်ဝင်စားမှု မြင့်တက်မှုရှိနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

 

ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်သည့် Messe Frankfurt ၏ ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲများ မိတ်ဆက်ပွဲနှင့် Networking Dinner ပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဈေးကွက်အနေနဲ့ဆိုရင် စိတ်ဝင်စားမှုအားလုံးက အီတလီတို့၊ စပိန်တို့က အရမ်းမြင့်တက်ပါတယ်။ နောက် UK ဘက်ကလည်း၊ ဂျာမနီဘက်တို့က သူတို့က အထိုက်အလျောက် စိတ်ဝင်စားမှုရှိပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။

 

ထို့အပြင် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှ Brand ကုမ္ပဏီကြီးများထွက်သွားသော်လည်း အခြားသော Brand ကုမ္ပဏီအသေးများ၏ စိတ်ဝင်စားမှုနှင့် အော်ဒါမှာယူမှုများ ရရှိခဲ့ကြောင်းသိရသည်။

 

ပြီးခဲ့သည့်နှစ်အတွင်း ပြည်တွင်း၌ အထည်ချုပ်စက်ရုံ ၅၂ ရုံ ရပ်တန့်သွားခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရပ်တန့်သွားသော အထည်ချုပ်စက်ရုံအရေအတွက်မှာ  ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိစာရင်းအရ ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက်သည် အထည်ချုပ်စက်ရုံအားလုံး၏ ၃၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိတွင် ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် အထည်ချုပ်တင်ပို့မှုသည် အများဆုံးဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ် ၉ လခွဲအတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၃၈၀ ဘီလျံအထိ ရရှိထားကြောင်း သိရသည်။

 

#Local_News #မြန်မာ့အထည်ချုပ်လုပ်ငန်းများ #စိတ်ဝင်စားမှုအဓိကမြင့်တက် #YMG/NN #Yangon_Times