#Local_News
Published 28 February 2024

တိပိဋကယောဆရာတော်ကြီးမှ  ရွှေတိဂုံစေတီတော်သို့  ရွှေပိဿာချိန် တစ်ပိဿာကျော်ကို လှူဒါန်းခဲ့ကြောင်း  သိရသည်။

 

အဆိုပါ လှူဒါန်းမှုအား ဖေဖော်ဝါရီ ၂၆ရက်က  ယောဆရာတော်ကျောင်းသို့ တာဝန်ရှိသူများက သွားရောက်အလှူခံခဲ့ကြောင်း  ရွှေတိဂုံစေတီတော် အုပ်ချုပ်ရေးမှုးရုံးအဖွဲ့ဝင်တစ်ဦးက‌ပြောသည်။

 

မြတ်စွာဘုရားရှင်၏  " ရွှေဉာဏ်တော်" ကိုရည်စူးပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေစင်ရွှေပြားကပ်လှူရန် တိပိဋကယောဆရာတော်ကြီးက ရွှေစင်တစ်ပိဿာ၊ ရွှေဒင်္ဂါးပြားတစ်ပြားနဲ့ နိုင်ငံတော်ကဆက်ကပ်ခဲ့သည့်  သီရိပျံချီဘွဲ့ (ရွှေစင် ၆ ကျပ်သား) ကို ဖေဖော်ဝါရီ၂၇ရက်တွင်  ရွှေတိဂုံစေတီတော်ဂေါပကလူကြီးများ၊ တိုင်းသာသာနာရေးမှူးတို့ထံ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း   ယောဆရာတော်ကြီး၏ တပည့်ဒါယကာတစ်ဦးကပြောသည်။

 

ယောဆရာတော်သည် မယ်တော်ကြီး ၁၀၂-နှစ်ပြည့်၊ ကိုးလပြည့် ရည်းစူးအနေဖြင့် သံဃာတော်များကို ဆွမ်း၊ သင်္ကန်းများကပ်လှူ၍ ရွှေတစ်ပိဿာကျော်ကို ရွှေတိဂုံဘုရားသို့ လှူဒါန်းတော်မူခြင်းဖြစ်ကြောင်းသိရသည်။

 

အဆိုပါ   လှူဒါန်းပွဲတွင် နာယကဆရာတော် ၄-ပါးလဲ ရှင်းရှင်းလင်းလင်းသိစေရန် ယောဆရာတော်မှ ပင့်ဖိတ်စေခဲ့‌ကြောင်းသိရသည်။

 

ယောဆရာတော်ကြီးက "ရွှေတွေက ဟိုကလာလှူ၊ ဒီကလာလှူ၊ လာလာလှူနေကြတာ၊ ဘုန်းကြီးအိုကြီးက သူများလာလှူထားတဲ့  ရွှေတွေကို ဖြူလား၊ မဲလား တစ်ခါမှလဲ မကြည့်ပါဘူးဗျ၊ ဘုန်းကြီးနှင့် ရွှေဘာမှလဲမဆိုင်ပါဘူးဗျ "ဟု မိန့်တော်မူကြောင်း ဆရာတော်ကြီး၏တပည့် ဖြစ်သူ အရှင်ပညာတိက္ခ(ယော)က လူမှုကွန်ယက်မှာ ရေးသားထားသည်။

 

ဆရာတော်ကြီးကိုကြည်ညိုကြသူများမှ လာရောက်လှုဒါန်းခဲ့သည့်  ရွှေစင်များကို ပြန်လည်လှူဒါန်းခြင်းဖြစ်ကြောင်းလည်းဆိုသည်။

 

တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသသည်(၄၇) ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲမှာ  သုတ္တန္တဋကဒီဃနိကာယ သုံးကျမ်း (သဘော ရေးဖြေပွဲ) ကို အောင်မြင်တော် မူခဲ့ တာ ကြောင့် ဒီဃနိကာယ ကောဝိဒ ဘွဲ့တံဆိပ်တော်နဲ့  ၎င်းအောင်လက်မှတ် တို့ကို ရရှိ ခဲ့ သည့်ဆရာတော်တစ်ပါးဖြစ်ကြောင်းသိရသည်။

 

ထို့အပြင်  သင်ရိုးပိဋကတ်သုံးပုံကို ပြီးဆုံး အောင်မြင်ခဲ့ရာ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့်  အရိုးဝါကနက္ကဒဏ် ထီးဖြူတော် သုံးလက် တံဆိပ် ပါရှိသည့် သာသနာ့ အောင်လံတော်ကို ခံယူ ရရှိခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် သာသနာပြုလုပ်ငန်း‌‌များကို ဆက်လက်ဆောင်ရွက်တော်မူ‌ နေ‌ကြောင်း သိရသည်။

 

#ရွှေတိဂုံစေတီတော် #ရွှေတစ်ပိဿာကျော်လှူဒါန်း #YMG/NN #Yangon_Times