#Local_News
 Published_ 29 January 2024


ဘေးမကင်းသည့် ပေါင်းသတ်ဆေး (၅) မျိုးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ စတင်၍တင်သွင်း ခွင့်၊ ရောင်းချခွင့်မပြုတော့ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှသိရသည်။

 

ပေါင်းသတ်ဆေးများဖြစ်ကြသည့် (၁)Atrazine၊ (၂)Fomesafen၊ (၃)S-metolachlor၊ (၄)Terbuthylazine၊ (၅)Mesotrione စသည့် ပေါင်းသတ်ဆေး (၅)မျိုးအား  မြန်မာနိုင်ငံတွင် သုံးစွဲရန် တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေး (Banned Pesticide)အဖြစ်မြန်မာနိုင်ငံပိုးသတ် ဆေးမှတ်ပုံတင်အဖွဲ့မှသတ်မှတ်လိုက်သည်ဟုဆိုသည်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၂၇)ရက်က မြန်မာနိုင်ငံ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့မှ ကျင်းပခဲ့သော (၄၁) ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ အဆိုပါ ပေါင်းသတ်ဆေး (၅)မျိုးအား တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေးအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

 

အဆိုပါ ပေါင်းသတ်ဆေး (၅)မျိုးတွင်အဆိပ်ရှိ ပစ္စည်းများက Rotational Period (၄)လ ဖြစ်နေသဖြင့် နောက်စိုက်သီးထပ်သီးနှံအပေါ် အဟန့်အတားဖြစ်စေနိုင်ခြင်း၊ လူ့ကျန်းမာရေးအန္တရာယ် မြင့်မားစေခြင်းနှင့် မြေအောက်ရေ အရင်းအမြစ်များကို ညစ်ညမ်းစေခြင်းတို့ကြောင့် တားမြစ်ပိတ်ပင်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ သိရသည်။  

 

အဆိုပါ ပေါင်းသတ်ဆေးများ တင်သွင်းခွင့် ထောက်ခံချက်ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇွန် (၁) ရက်ထိသာ ထုတ်ပေးတော့မည်ဖြစ်ကြောင်းနှင့် ပိုးသတ်ဆေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချနေသော ပစ္စည်းများအား အပြီးရုပ်သိမ်းရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ထို့အပြင် မှတ်ပုံတင်ခွင့်၊ တင်သွင်းခွင့်၊ ရောင်းချခွင့်၊ ဖော်စပ်ခွင့်၊ ပြန်လည်ထုပ်ပိုးခြင်းတို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ စတင်၍ ခွင့်မပြုတော့ကြောင်းနှင့် ဆက်လက်ဖြန့်ဖြူး ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ အသိပေးကြေညာထား‌ကြောင်း သိရသည်။

 

#Local_News #ပေါင်းသတ်ဆေး (၅)မျိုး #ရောင်းချခွင့်မပြုတော့ #tthl #Yangon_Times