#Local_News
Published 19 January 2024

မန္တလေးမြို့ ၃၉လမ်း၈၄/လမ်း၈၅ လမ်းကြား မန်းမြို့ဈေးအနီးရှိ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရမှု ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြည်သူများထံက သိရသည်။

 

ဆယ်သန်းရွှေဆိုင်သို့ အမည်မသိလူငယ်သုံးဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ပြကာ ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

''သေနတ်နဲ့လာတိုက်တာလို့ကြားတယ်။ မန်းလေး ကရွှေဆိုင်တွေမကြာခဏတိုက်ခံနေရတာ ရွှေဆိုင်တွေလဲ လန့်နေပြီပေါ့ ရွှေတွေပိဿာနဲ့ချီပါသွားတယ်ကြားတယ် ပိုက်ဆံတွေကော ပိုင်ရှင်တွေ ကိုယ်စားစိတ်မကောင်း ဖြစ်ရတယ်"ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

 

အဆိုပါ ဓါးပြတိုက်မှုကြောင့် ဆယ်သန်းရွှေဆိုင်မှ ရွှေ၂ပိဿာခန့်နှင့် ငွေသားကျပ်သိန်း ၂၀၀ခန့် ပါသွားကြောင်း ကနဦးသတင်းများအရ သိရသည်။

 

လက်ရှိတွင် သက်ဆိုင်ရာမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလကလည်း မန္တလေးမြို့ရှိ အောင်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်များယူဆောင်သွားမှု ဖြစ်ပွားခဲ့သေးသည်။

 

#Local_News #ဆယ်သန်းရွှေဆိုင် #ဓါးပြတိုက်ခံရ #YMG/LW #Yangon_Times