#Local_News
Published_ 19 January 2024


ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့မျက်နှာချင်းဆိုင် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့တယ်လို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ပါတယ်။

 

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်တွင် နေပြည်တော်ရှိ ဗဟိုဘဏ်၌ ကျင်းပစဉ် ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ထို့ပြင်မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိနေတဲ့ အစီအမံ ၁၀ ချက်အပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အကဲဖြတ်သူများ အားလုံး ခြုံငုံချိတ်ဆက် သိရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့မှုနှင့် သက်ဆိုင်ရာဌာနများ အနေဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါတယ်။

 

ထို့နောက် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက Action Plan များအပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များနှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်တာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

 

#Local_News #အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့မျက်နှာချင်းဆိုင်အစည်းအဝေး #တိုးတက်ဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ #Ymg_mnn #Yangon_Media_Group