#Local_News
Published_24 Dec 2023

မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကိုကာကွယ်မည့် စစ်ရေယာဉ်များ တပ်တော်ဝင်၍ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်း ခြင်းကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက် က ပြုလုပ်သော တပ်မတော်(ရေ)၏ (၇၆)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ် လည် နေ့တွင် ပြုလုပ်ခဲ့သည်။

 

ယင်းကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

တပ်မတော်(ရေ)အတွက် ၃၃ မီတာ ကမ်းထိုးတိုက်ရေယာဉ် ၂ စီး၊ ပြည်ပမှ နည်းပညာလွှဲပြောင်းခဲ့ပြီး တပ် မတော် (ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမ မြောက်နှင့် အဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် ၁ စီးတို့ တပ်တော်ဝင်ခဲ့ကြပြီး ကမ်းခြေ စောင့်တပ်ဖွဲ့ကို ကမ်းလွန်ကင်းလှည့်ရေယာဉ် ၁ စီး၊ ကမ်းခြေစောင့် တိုက်ရေယာဉ် ၂ စီး လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။

 

တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွား ဇုန်ကို အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင် (Three Dimensional Combat Ready Navy) တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ် ပင်လယ်ပြင်များ သို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအား ပြည့်ဝသည့် စစ်ရေ ယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင် မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

 

ဒုတိယအဆင့်ရည်မှန်းချက်ကို ပြည့်မီရန် ဒေသတွင်းအင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တတိယအဆင့် ရေရှည်မျှော်မှန်းချက် အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အား ပို့လွှတ်နိုင်သည့် ရေတပ် အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ခေတ်မီစွမ်းအားကြီးမားပြီး အသွားထက်သည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် အတွေ့အကြုံနှင့် ကျွမ်းကျင်သည့် တည်ဆောက်ရေးစွမ်းရည်များကို ဆက်လက်အသုံးချပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လွန်းကျင်းကြီးများနှင့် ရေယာဉ်တည်ဆောက်နိုင်မှု စွမ်းရည်များ ပေါင်းစပ်တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအားကြီးမားသည့် စစ်ရေယာဉ်ကြီးများအပြင် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများနှင့် ဆီတင်ရေယာဉ်ကြီးများကိုလည်း တည်ဆောက်ပေးနိုင်ခြင်းဖြင့် ရေတပ်စွမ်းအား (Naval Power) ရရှိရန် တစ်ခုတည်းသာမကဘဲနိုင်ငံ၏ ရေကြောင်းစွမ်းအား(National Maritime Power) ကိုပါ တိုးတက်မြှင့်တင်နိုင်မည်ပင်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

 

#Local_News #စစ်ရေယာဉ်များတပ်တော်ဝင် #စစ်ရေယာဉ်များလွှဲပြောင်း #Yangon Times/PP