#Local_News
Published 24 December 2023

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဆယ်တန်း)ဖြေဆိုရန် စုစုပေါင်း ၁၄၅၂၀၀ ခန့် စာရင်းပေးသွင်းထားပြီဖြစ်‌ပြီး စာမေးပွဲ‌ကြီးကြပ်ရန်ကြီးကြပ်ရေးမှူးသင်တန်းများပေးနေကြောင်းပညာရေးဝန်ကြီးဌာနမှသိရသည်။

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/ သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ပြောကြားချက်အရသိရခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက "၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့် ကျင်းပသည့် စာမေးပွဲဖြစ်၍ အလွန်အရေးကြီးပါကြောင်း၊ ပုံမှန်ဆောင်ရွက်နေကြ စာမေးပွဲလုပ်ငန်းဖြစ်သော်လည်း KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံးစာမေးပွဲဖြစ်၍ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲလုပ်ထုံး၊ လုပ်နည်းများဖြင့် စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေး ပိုမိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နေရာသုံးခုခွဲ၍ ကျင်းပခဲ့ပါကြောင်း၊ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၄၅၂၀၀ ခန့် စာရင်းပေးသွင်းထားပါကြောင်း၊ စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် အားလုံးကကျရာအခန်းကဏ္ဍများမှ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြစေလိုကြောင်း"ထည့်သွင်းပြောခဲ့သည်။

 

ယင်းအပြင် စာမေးပွဲလုပ်ငန်းဆောင်ရွက်စဉ် လိုအပ်သည့် အခက်အခဲများရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများထံ အမြန်ဆုံးသတင်းပေးပို့ကြရန်နှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

#Local_News #တက္ကသိုလ်ဝင်စာမေးပွဲ‌ #စာ‌ရင်းပေးထားသူ ၁၄၅၂၀၀ ခန့်ရှိ #tthl #Yangon_Times