၉၄ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ဒီဇင်ဘာလ ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရ သည်။
 
အဆိုပါ အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်နေသော ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာ နိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာ နများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက် အရ ၂၀၁၃ ခုနှစ် မှစတင်၍ စီမံကိန်းလုပ်ငန်း အဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။
 
တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ ၄ လမ်းသွား တံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင် ကယ်လမ်း ၅ ပေစီပါရှိကြောင်း၊ သံမဏိ ကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ ယခုအချိန်အထိ စီမံကိန်း လုပ် ငန်း အားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် တံတားအပေါ် ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ Toll Plaza တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရန်ကျန်ရှိမည်ဖြစ်ကြောင်းသိရသည်။
 
ရာနှုန်းပြည့်ပြီးစီးသွားပါက သံလျင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်း များ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက် လာမည်ဖြစ်ကြောင်း၊ သီလဝါ အထူး စီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာ မည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံ လမ်း မကြီးကို အသုံးပြု၍ ဘားအံ-မြဝတီ အထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းသိရသည်။
 
အဆိုပါ ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်း ဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးကိုကိုလွင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Yangon_Media_Group
#YMG_News #Yangon_Times