Published 14 December 2023

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ အထည်ချုပ်နှင့် သဘာဝဓာတ်ငွေ့များ အများဆုံးတင်ပို့ထားကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

ထိုသို့တင်ပို့ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ အဓိကပို့ကုန် ၁၀ မျိုး စာရင်းတွင် ချုပ်ပြီးအထည်(အထည်ချုပ်) တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၉၆၆ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၂၂၀ ဘီလျံဖြင့် ဒုတိယအများဆုံးတင်ပို့ထားခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် မတ်ပဲတင်ပို့မှုမှ ဒေါ်လာသန်း ၄၇၀ ကျော်၊ ဆန်နှင့်ဆန်ကွဲတင်ပို့မှု မှ ဒေါ်လာသန်း ၃၈၀ ခန့်၊ ပြောင်းတင်ပို့မှု မှ ဒေါ်လာသန်း ၂၇၀ ကျော်၊ ငါးတင်ပို့မှုမှ ဒေါ်လာသန်း ၂၂၀ ကျော်၊ ပဲတီစိမ်းတင်ပို့မှု မှ ဒေါ်လာ ၁၈၅ သန်းကျော်၊ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၁၂၀ ကျော်၊ ပဲစဉ်းငုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၀၀ ကျော်၊ သတ္တုနှင့် သတ္တုရိုင်းများ တင်ပို့မှုမှ ဒေါ်လာသန်း ၈၀ နီးပါးဖြင့် အသီးသီးရရှိထားကြောင်းသိရသည်။

အဆိုပါကာလအတွင်း ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၄၇၂ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁ ဒသမ ၉၃၁ ဘီလျံဖြင့် ဒုတိယအများဆုံး တင်ပို့ထားခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်အများဆုံး တင်ပို့ထားနိုင်ခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၇၈၀ ကျော်ဖြင့် တတိယ၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာသန်း ၅၇၀ ကျော်၊ အမေရိကန်မှ ဒေါ်လာ ၄၁၂ သန်းကျော်၊ ဂျာမနီမှ ဒေါ်လာ ၃၅၆ သန်းကျော်၊ စပိန်မှ ဒေါ်လာသန်း ၃၂၀ ကျော်၊ ပိုလန်မှ ဒေါ်လာ ၃၁၆ သန်းကျော်၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာသန်း ၂၆၀ သန်းကျော်၊ ဗြိတိန်မှ ဒေါ်လာသန်း ၂၂၀ ကျော်တန်ဖိုးရှိသည့် ပို့ကုန်များကို အသီးသီးတင်သွင်းခဲ့ကြကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group