Published_1 Dec 2023

အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌ ဦးသန်းထွန်း လုပ်ကြံခံရကာ သေဆုံးသွားကြောင်း အဆိုပါ ပါတီ၏ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“သေနတ်နဲ့ပစ်တာဗျ၊ သူ့အိမ်ရှေ့ကနေ ပစ်တာ၊PDF တွေကပစ်တာဗျ၊ သေနတ်ကျည်လေးချက်ထိတယ်။ ဒါကြောင့် မြောက်ဥက္ကလာပ ဆေးရုံကို ပို့ပြီး ကုသပေမဲ့ ဆုံးသွားခဲ့ပါတယ်”ဟု ယင်းတာဝန်ရှိသူကပြောသည်။

အသက် ၅၅ နှစ်ခန့်အရွယ်ရှိသည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသန်းထွန်းသည် ယခင်က သင်္ဃန်းကျွန်းမြို့နယ် NLD လူငယ် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၁၉၈၈ အရေးအခင်းတွင်လည်း ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ရွေးကောက်ပွဲကသာ လက်ရှိအခင်းအကျင်းရဲ့ ထွက်ပေါက်တစ်ခုဆိုပြီးသတ်မှတ်ထား တာကြောင့် ရွေးကောက်ပွဲကို ဝင်ရောက်ဖို့ လုပ်ဆောင်နေကြတာ၊အခုလို ပါတီ အကြီးအကဲတစ်ယောက်ကို လုပ်ကြံတယ်ဆိုတာက ရွေးကောက်ပွဲကို ပါဝင်ဖို့ လုပ်နေကြတဲ့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်း တစ်ခုလုံးကို မထီမဲ့ပြင် ပြုလိုက်တာပဲ”ဟု ရွေးကောက်ပွဲ၌ ပါဝင်ရန် လုပ်ဆောင်နေသော နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိ သူက ပြောသည်။

ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ်က NDF ပါတီ၌ဦးသိန်းညွန့်နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်တွင် လက်တွဲလုပ်ဆောင် ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ဦးသိန်းညွန့် နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်ကိုတည်ထောင် ကာ ပါတီ၏ ဒုဥက္ကဋ္ဌတာဝန်ကို ယူခဲ့သူ ဖြစ်သည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌ ဦးသိန်း ညွန့် က နစက အဖွဲ့ဝင်အဖွဲ့ တာဝန်ယူနေသည့်အတွက် ဒုဥက္ကဌက ဦးသန်းထွန်းက ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့ရကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group