Published-30 October 2023

မန္တလေးမြို့ရှိ ပေါ်ဦးရွှေဆိုင်ကို သေနတ်ပစ်ဖောက်၍ ဓားပြတိုက်သွားမှု ယနေ့အောက်တိုဘာလ ၃၀ ရက် နံနက်ကဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

အဆိုပါ ရွှေဆိုင်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ နှင့် ၄၂ လမ်းကြားတွင် ရှိပြီး သေနတ် ဖြင့် ဝင်လာသူများက ရွှေထည်များရှိသည့် ကောင်တာကို သေနတ်ဖြင့် ပစ်၍ ရွှေထည်ပစ္စည်းမျိုးစုံ ကို ယူ ဆောင် သွားကြောင်း သိရသည်။

“ပစ္စည်းတန်ဖိုးက သိန်း ၁၂၀၀ ကျော်လောက် ရှိတယ်လို့ ကာလ တန်ဖိုး တွက်ချက်သိရတယ်။ လတ်တလော တော့ စိစစ်ရှာဖွေနေကြပါတယ်။

လုံခြုံရေးလည်းဆောင်ရွက်နေပါတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

ဖြစ်စဉ်တွင် အမျိုးသား (၄)ဦးက မော်တော်ဆိုင်ကယ်(၂)စီးဖြင့်ရောက်လာခဲ့ကာ ပါလာသော သေနတ်အတို (၁)လက် ဖြင့် ရွှေဆိုင်အတွင်းဝင်ရောက်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် ရွှေကောင်တာကို သေနတ်ဖြင့် (၂)ချက် ပစ်ကာ ဆွဲကြိုး အကုံး (၄၀) ခန့်၊ ရွှေကလစ် အခု (၃၀)ခုခန့် ကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ရှိ ပေါ်ဦးရွှေဆိုင်တွင်လည်း ပြီးခဲ့ သည့် မတ်လ ၂၁ ရက်က ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားကျော် ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့သေးသည်။
Yangon-Times/PP
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group