#Local_News
Published-26 Oct 2023

ပြည်နယ်နှင့်တိုင်း ၇ ခုမှ လုပ်ငန်းရှင် ၂၀ကျော်သို့ ချေးငွေ ကျပ်သန်းပေါင်း ၁၇၇၀ကျော် ထုတ်ချေးထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှသိရသည်။

 

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အတိုးနှုန်းသက်သာမှုရှိသော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ချေးငွေဆိုင်ရာလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ခုနစ်ခုမှ လုပ်ငန်းရှင် ၂၁ ဦးသို့ ချေးငွေ ကျပ် ၁၇၇၃ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ဒုတိယအကြိမ် အဆိုပြုလွှာများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ ထပ်မံခေါ်ယူထားပြီးဖြစ်ရာချေးငွေစံသတ်မှတ်ချက်များနှင့်ကိုက်ညီသော လုပ်ငန်းရှင်များသို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ဆက်လက်ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီဝယ်ယူတင်သွင်းရမှုကို လျှော့ချနိုင်ရေးတို့အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ထိုနည်းတူပြည်တွင်းဆီစက်ကြီးငယ်များကိုလည်း လုပ်ငန်းလည်ပတ်ရန်နှင့် လုပ်ငန်းတိုးချဲ့ရန်အတွက် နိုင်ငံတော်က မတည်ပေးသည့် ရန်ပုံငြွေဖင့် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းအထိသာ ရယူသော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများကို စည်းမျဉ်းစည်းကမ်းများချမှတ်၍ ထုတ်ချေးပေးလျက်ရှိရာ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သို့ ဆက်သွယ်၍ ချေးငွေလျှောက်ထားနိုင်ကြောင်း သိရသည်။

 

#Local_News #ပြည်နယ်နှင့်တိုင်း၇ခု #ငွေကျပ်သန်းပေါင်း၁၇၇၀ကျော်ထုတ်ချေး #YMG/ NN #Yangon Times