Published_ 07 October 2023
  
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဝမ်းဘဲအင်း ကျေးရွာ ရန်ကုန် -မန္တလေး လမ်းဟောင်း
မိုင်တိုင်အမှတ် (၄၉/၃)နှင့် (၄၉/၄)ကြားတွင်ဆိုင်ကယ်နှင့် ၁၂ဘီး ကုန်တင်ယာဥ် တို့ တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

  အောက်တိုဘာ ၆ရက် ည ၇နာရီ၄၀မိနစ်ခန့်တွင် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့်  ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပျဉ်ပုံကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့်သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၈နာရီ ၁၅ အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

" ဆိုင်ကယ်က အမျိုးသမီးမောင်းလာတာရှေ့ကားကို ကျော်တတ်တာကနေ မျက်နှာချင်းဆိုင်လာတဲ့ ၁၂ဘီးကားနဲ့ တိုက်မိပြီး လူက လွင့်သွားတယ် ဆိုင်ကယ် က ကားအောက် ထဲ ရောက်သွားပြီး ဖိတ်ကျတဲ့ဆီတွေနဲ့လမ်းပွတ်တိုက်တာနဲ့ မီးလောင်သွားတာ"ဟုဘုရားကြီးနယ်မြေမီးသတ်စခန်းမှတာဝန်ရှိသူကပြောသည်။

  အဆိုပါ မီးလောင်မှုကြောင့် ၁၂ဘီးယာဥ် ခေါင်းခန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားကြောင်း ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးမှာလဲ ထိခိုက်ဒဏ် ပြင်းထန်ပြီး စိုးရိမ်ရအခြေနေ ရှိကာ ဘုရားကြီးလူငယ် ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group