#Local_News
Published-2 October 2023

ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက် မှ အောက်တို ဘာလ (၂)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၁၄) ခုနှင့် ပတ်သက်သည့် အချက်အလက် များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။

 

အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၆၀၀)ခန့်၊ စုစုပေါင်း ဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက် မှ (၁၅) ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၃၄၂) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၁၀၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။

 

#Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား #Yangon_Times/PP