၂၈ စက်တင်ဘာ ၂၀၂၃

အမုန်းတရားတွေ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်လို့ နစက ဥက္ကဋ္ဌနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

စက်တင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးမှာကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီအစည်းအဝေး(၄/၂၀၂၃)တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နစက ကောင်စီဝင်တွေကို ပြောကြားရာမှာ ယင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော် တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှုရှုရောက်မယ်ဆိုတာကို တွေ့ပါ တယ်။ ဒါလေးတွေဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့ အတွက်တိုက်တွန်းလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုပါတယ်။

“လာမယ့် အောက်တိုဘာ လ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးတဲ့ ၈ နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဒါကိုနိုင်ငံရေးအနှစ်သာရရှိရှိလုပ်ဖို့ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း လက်လှမ်းမှီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံတွေလည်းအခုဖိတ်နေပါပြီ” ဟု နစက ဥက္ကဋ္ဌက NCA အခမ်းအနားနှင့်ပတ်သက်၍ ဆက်လက် ပြောကြား ပါတယ်။

“ကျွန်တော် Personal အကုန်စာတွေရေးပြီး ဖိတ်ပါတယ်။ တစ်ချို့ကလည်းတယ်လီဖုန်းနဲ့၊ တစ်ချို့က လည်းစာနဲ့ရေးပြီးဖိတ်တာတွေရှိတယ်။ တစ်ချို့လာနိုင်တယ်လို့လည်းပြောတာရှိတယ်။ တစ်ချို့ကတော့သူလည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့သူတို့ကိုယ်စားလှယ်တွေလွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပိုပြီးလိုလား တဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုး ထားတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်း ရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။

နစက ကောင်စီဝင်များကို  သက်ဆိုင်ရာဒေသအလိုက် ဒေသဖွံ့ဖြိုးရေး သွားရောက် ဆောင်ရွက်ခဲ့မှုများအပေါ် ဗိုလ်ချုပ်မှူးကြီးက  ဒေသရဲ့အခြေအနေမှန်၊ ပြည်သူလူထုသဘောထားအမှန် စိတ်နေစိတ်ထားလိုအပ်ချက်များကို သိချင်သဖြင့် တာဝန်ခွဲဝေပေးပြီး သွားရောက်စေခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ယင်းသို့သွားရောက်သည့် အတွက်လည်း အခြေအနေကို ယခင်ထက်စာရင် ပိုပြိးသိလာရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက် ပြောဆိုပါတယ်။

ကောင်စီတွဲဖက်အတွင်းရေးမှူးက ဆီဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းများထက် အလွန်အကျွံမြှင့်တင်ရောင်းချနေသူများနှင့်ပါဝင်ပတ်သက်လျက်ရှိသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည့်အခြေအနေများနှင့် အခြားသော နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး‌ နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေဆောင်ရွက်နေတာတွေကိုတင်ပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။

ကောင်စီအတွင်းရေးမှူးကလည်း ကောင်စီလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဒေသအလိုက်တင်ပြချက်များအပေါ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဝင်များကလည်း ဒေသခရီးစဉ်များအကြောင်း တင်ပြခဲ့ကြပါတယ်။

အဆိုပါအစည်းအဝေးသို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြတယ်လို့သိရှိရပါတယ်။

-knl/ymg