#Local_News
Published 30 August 2023


လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမဆောက်လုပ်ရေး မှတ်တိုင်အနီးတွင် သြဂုတ်လ ၂၉ရက် ည ၉နာရီ ၄၅မိနစ်တွင် ဖယ်ရီယာဉ်နှင့်Taxi ယာဉ်တို့ တိုက်မှုဖြစ်ပွားကာ ဖယ်ရီယာဉ်ပေါ်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သြဂုတ်လ ၃၀ နံနက် ၆နာရီ ၅၀ မိနစ်တွင် စက်ဘီးနှင့်ဖယ်ရီယာဉ်တို့တိုက်မှုကြောင့် စက်ဘီးစီးလာသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် လူမှုကူညီရေးအသင်းများထံက သိရသည်။

 

''ရန်ကုန်-ပုသိမ် လမ်းမဆောက်လုပ်ရေး မှတ်တိုင်နားမှာပဲ မနေ့ညကတစ်မှု အခုမနက်တစ်မှုဖြစ်တယ်၊ မနေ့ညကဖြစ်တာက အရှိန်နဲ့မောင်းလာတဲ့ Taxi က ရှေ့ကားတစ်စီးကိုကျော်ရပ်ထားတဲ့ ဖယ်ရီကား မမြင်ဘဲ ဝင်တိုက်မိသလိုဖြစ်သွားတာ ဖယ်ရီပေါ်မှာ ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၃ဦးဒဏ်ရာရတယ်၊ အမျိုးသားကတော့ ခြေထောက်ကြေမွသွားတယ်၊ စိုးရိမ်ရတယ်၊ အမျိုးသမီးသုံးယောက်ကတော့ ခေါင်းကွဲတာတို့ တခြားထိခိုက်ရှနာ (မစိုးရိမ်ရ)အခြေနေရှိတယ်၊ အခုမနက် အဲ့နားပဲဖြစ်တာက စက်ဘီးနဲ့ လမ်းဖြတ်ကူးတာကို ဖယ်ရီကားက ဝင်တိုက်တာ။ စက်ဘီးသမားက ဦးခေါင်းအနောက်ပိုင်း အတော်ထိသွားတယ်၊ စိုးရိမ်ရတယ်''ဟု မေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်း(လှိုင်သာယာ)မှ ကိုအောင်ခိုင်က ပြောသည်။

 

ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်သာယာမြို့နယ်ဆေးရုံနှင့်မြောက်ဥက္ကလာဆေးရုံတို့တွင် ဆေးကုသမှုခံယူနေကြောင်း၊ ယာဉ်တိုက်မှု ပက်သက်သည့် ယာဉ်မောင်းများကို လှိုင်သာယာ မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

#YMG/LW #Local_News #ယာဉ်တိုက်မှုနှစ်မှုဖြစ်ပွား #ဒဏ်ရာရရှိသူ၅ဦးရှိ
#Yangon_Times