Published_ 1 August 2023

သမ္မတဟောင်း ဦးဝင်းမြင့် နှင့် အတိုင်ပင်ခံဟောင်းဒေါ်အောင်ဆန်းစုကြည် တို့၏ ပြစ်ဒဏ်အချို့ကို ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ကြောင်းသိရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၈ / ၂၀၂၃ ဖြင့်လည်းကောင်း၊ အမိန့်အမှတ်၊ ၄၉ / ၂၀၂၃ ဖြင့် နိုင်ငံတော်သမ္မတဟောင်းဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည် တို့ ကျခံနေရသည့် ပြစ်ဒဏ်များအနက် ပြစ်ဒဏ်အချို့ကို ယနေ့တွင်လွှတ်ပေးလိုက်ခြင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၇/၂၀၂၁ ရာဇဝတ်မှုကြီးအမှတ်၊ ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီး အမှတ်၊ ၃၈/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျ ခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံး များက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။
Yangon Times/PP
#Local_News
#YMG #Yangon_Times