Published_ 27 July 2023

အာဆီယံဒေသတွင်းနိုင်ငံများပူးပေါင်း၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ပတ်သက်၍အာဆီယံဒေသတွင်း ကွန်ယက်တစ်ခု တည်ထောင်ပြီး အတွေ့အကြုံနှင့်အကြံဉာဏ်များဖလှယ်ပြီးဆောင်ရွက်သွားရန် မြန်မာနိုင်ငံမှ ထောက်ခံဆွေးနွေးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် ‘အရှေ့တောင်အာရှရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ’အာဆီယံပညာရေးဝန်ကြီးများစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေကထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးက ‘ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ပညာရေးသည်ကလေးငယ်များ၏ သိမြင်ခံစားမှု စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသဖြင့် အနာဂတ်ပညာသင်ယူတတ်မြောက်မှုများစွာအထောက်အကူပြုနိုင်ကြောင်း၊ သို့ဖြစ်၍ အာဆီယံဒေသတွင်းကွန်ယက်တစ်ခုတည်ထောင်ကာ အတွေ့အကြုံများ၊အကြံဉာဏ်များ ဖလှယ်ရန် ထောက်ခံကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံအချင်းချင်းအတွေ့အကြုံများ၊အကြံဉာဏ်များ ဖလှယ်လျက်ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အရည်အချင်းအသွေးရှိသောရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အနာဂတ်ကလေးတိုင်း လက်ခံရရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာ ကြေညာချက်ကိုထုတ်ပြန်အတည်ပြုခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times