#Local_News
Published -23-7-2023

စနစ်သစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်များကို လုံခြုံရေးစနစ် မြှင့်တင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန က သိရသည်။

 

 အောင်လက်မှတ်ကတ်ပြားများကို ၂၀၂၄ ခုနှစ်တွင်ထုတ်ပေးနိုင်ရန်စီစဉ်နေပြီး၊ ယခင်ထုတ်ပေးသည့် ပုံစံမျိုးမဟုတ်ဘဲ၊  ကတ်ပြားပေါ်တွင်ပါသည့် ဓာတ်ပုံတွင် တံဆိပ်ခေါင်းကပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် လုံခြုံရေးစနစ်အတွက် မည်သို့ဆောင်ရွက်မည်ကို အသေးစိတ်မသိရှိရသေးဘဲ၊ ယင်းအတွက် Yangon Times သတင်းဌာနအနေဖြင့်ဆက်လက်စုံစမ်းနေသည်။

 

၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်အောင် လက်မှတ်များကို ယခု ဇူလိုင်လ (၁၀) ရက်မှစတင်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော်နှင့် ရန်ကုန်တို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသား တစ်သိန်းကျော် အောင်မြင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်များတွင် အောင်လက်မှတ် လာရောက်ထုတ်ယူသူ လေးသောင်းကျော် ရှိကြောင်း သိရသည်။

 

ယခုနှစ်မှစတင်၍ စနစ်သစ်ဒွါဒဿမတန်း(Grade-12) ကို သင်ကြားခြင်းဖြစ်ပြီး၊ စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခြင်းမရှိသူများ၊ ကျရှုံးသူများအနေဖြင့်  ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့်  တက္ကသိုလ်ဝင်စာမေးပွဲအား ပြင်ပဖြေအနေဖြင့် ဖြေဆိုခွင့်ရှိကြောင်း ဇူလိုင် ၁၁ ရက်တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 

#YMG/my
#Yangon _Times