၁၉ ဇွန် ၂၀၂၃

မြန်မာနိုင်ငံမှာ ဒီတစ်ကြိမ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ အရင်လောက်ကြာမယ်မဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ် ” လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခရစ်ရှ်နန်က ပြောပါတယ်။

သူဟာ ဇွန်လ ၁၆ရက်က ဝါရှင်တန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံအပြီး မြန်မာ့အရေးကိစ္စသတင်းထောက်များ ရဲ့မေးမြန်းချက်တွေကို ဖြေကြားခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။

“ လူတိုင်းနှင့်အတူထိုင်ပြီး ဆွေးနွေးအပေးအယူလုပ်ဖို့လိုတယ်။ အဲဒါဘယ်လောက်ကြာမလဲတော့ ကျွန်တော်မသိဘူး။ အရင်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်းကူးပြောင်းမှုပုံစံတစ်ခုဖြစ်ပေါ်လာဖို့တော့ ၂၅နှစ်ကြာခဲ့တယ်။ အခုတော့ အဲသလာက်ကြာမှမဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ သူကပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှုလက္ခဏာ မရှိသေးဘူးလို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့် ဝါရှင်တန်အစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။

တိုးတက်မှုမရှိခြင်းကြောင့် မြန်မာနှင့် အဆင့်မြင့် ထိတွေ့ဆက်ဆံဖို့ အချိန်မဟုတ်သေးဘူးလို့လည်း ဘာလက်ခရစ်ရှ်နန်က ဆက်ပြောပါတယ်။ ဒါပေမယ့် လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကတော့ သက်ဆိုင်သူအားလုံးနှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနေတယ်လို့လည်း သူကပြောပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြောတာတွေကို သူလည်းသဘောတူတယ်လို့ဘလင်ကန်ကပြောလိုက်ပြီး မြန်မာကိစ္စ အာဆီယံ ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံတယ်လို့လည်းဆက်ပြောပါတယ်။

“ ကျွန်တော်တို့အားလုံး မြန်မာစစ်အစိုးရအပေါ် သင့်တင့်လျောက်ပတ်တဲ့ ဖိအားတစ်ခုဆက်ပေးနေဖို့နှင့်  အတိုက်အခံနှင့် ထိတွေ့ဆက်ဆံဖို့ နည်းလမ်းဆက်ရှာနေဖို့ အလွန်အရေးကြီးပါတယ်” လို့ ဘလင်ကန်ကပြောပါတယ်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတပ်မတော်ကို စင်္ကာပူကုမ္ပဏီတွေက စစ်လက်နက်ပစ္စည်း ဒေါ်လာ ၂၅၄သန်းတင်ပို့ခဲ့တယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးရဲ့စွပ်စွဲချက်တွေနှင့်ပတ်သက်ပြီးတော့လည်း စင်္ကာပူအစိုးရအနေနှင့် ဒါမျိုးမဖြစ်အောင် အစကောင်းဆုံး လုပ်ဆောင်နေပါတယ်လို့ပဲ သတင်းထောက်တွေရဲ့အမေးကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကပြန်ဖြေခဲ့တဲ့အကြောင်း ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

Source Reuters

#Singapore_Myanmar

#Myanmar_Politics

#Blinkin

#Balakrishnan