#Local_News
Published_ 9 June 2023


ဇူလိုင်လအတွင်း မကာအိုမြို့၌ ကျင်းပပြုလုပ်မည့်(၁၅)ကြိမ်မြောက် မကာအိုနှင့် ကွမ်တုံဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှဖိတ်ခေါ်ထားသည်။

 

မကာအို အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးအဖွဲ့ (Macao Trade and Investment Promotion Institutes – IPIM) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာနတို့မှ ကြီးမှူး၍ပြပွဲကိုကျင်းပခြင်းဖြစ်သည်။

 

၁၅ ကြိမ်မြောက် မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ မကာအိုမြို့၊ Galaxy International Convention Center Exhibition Hall တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ပြခန်းပေါင်း ၂၀ ရရှိမည်ဖြစ်ပြီး ပါဝင်ပြသသူတစ်ဦးလျှင် ပြခန်း ၁ ခန်း ရရှိမည် ဖြစ်သည်။

 

ပြခန်းငှားရမ်းခြင်းအတွက် ကျသင့်ငွေနှင့် ပါဝင်ပြသမည့် ကုန်စည်များတင်ပို့ခြင်း အတွက် ထောက်ပံ့မည့်ပမာဏတို့မှာ -

 

၁။ ပြခန်းတစ်ခန်းအတွက် ပေးသွင်းရမည့်ပမာဏ - မကာအိုဒေါ်လာ ၁,၄၀၀ (အမေရိကန် ဒေါ်လာ ၁၇၄.၄၅)

 

၂။ ပြသမည့်ကုန်စည်များတင်ပို့ခြင်းအတွက် - မကာအို ဒေါ်လာ ၃,၀၀၀ တို့ဖြစ်ပြီးထောက်ပံ့မည့်ပမာဏ (အပြန်သယ်ယူပို့ ဆောင်စရိတ်မပါ)



ထောက်ပံ့ငွေများကို ပြပွဲစီစဉ်သူများထံ ကုန်တင်ပို့မှုပြေစာများ ပြသ၍ ပြန်လည် ထုတ်ယူနိုင်မည် ဖြစ်သည်။

 

ပြပွဲသို့ လာရောက်ပြသမည့်သူများအတွက် ၅ ညတာ တည်းခိုနေထိုင်ရန် ဟိုတယ်နှင့် ဟိုတယ်မှပြပွဲသို့ သွားလာနိုင်ရန် မော်တော်ယာဉ်များ စီစဉ်ပေးထားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ဖော်ပြထားသည်။

 

၁၅ ကြိမ်မြောက် မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲသို့ ပါဝင်ပြသရန် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဖုန်း ၀၁ ၆၅၈၁၃၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

#ymg/tthl #Local_News #မကာအို #မြန်မာစီးပွားရေးလုပ်ငန်းရှင်
#YMG #Yangon_Media_Group