#Local_News
Published_  29 May 2023

ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပပြုလုပ်မည့်အစီအစဉ်များကိုအန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်း အနားကျင်းပရေးဦးစီးကော်မ တီမှထုတ်ပြန်လိုက်သည်၊၊

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို နိုင်ငံတော် အဆင့်နှင့်လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ အောက်ဖော်ပြပါ လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ဗန်းမော်ကျောင်းတိုက်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့တွင်လည်းကောင်း၊ ပင့်ဆောင်ရာ လမ်းကြောင်းတလျှောက်လမ်း၏ဘေးဘယ်ညာတွင်လည်းကောင်း၊ လာရောက်ဖူးမြော်ကြည်ညိုနိုင်သည်ဟုဆိုသည်၊၊
(က) ၃၉ လမ်း မှ ၇၃ လမ်းအတိုင်း
(ခ ) ၇၃ လမ်း မှ ၃၈ လမ်းအတိုင်း
( ဂ ) ၃၈ လမ်း မှ ၇၈ လမ်းအတိုင်း
(ဃ) ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်း
လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်၍ ယင်းနေရာများ၌ လာရောက်ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်သည်ဟုဖော်ပြထားသည်၊၊

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်းသိရသည်၊၊

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အတွက် ရဟန်းရှင်လူပြည်သူများမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျလှူဒါန်းလိုပါက ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင် လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် အောက်ပါပုဂ္ဂိုလ်များထံသို့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ပန်ကြားထားသည်
(က) ဒေါ်မော်လီစန်း - ဖုန်းနံပါတ်-၀၉-၄၄၁၀၁၉၂၈၃
( ခ ) ဦးစိုးမိုးသိမ်း - ဖုန်းနံပါတ်- ၀၉-၉၇၀၈၂၃၆၈၈
အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၌ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #ကျေးဇူးတော်ရှင်ဗန်းမော်ဆရာတော်ဘုရားကြီး #အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပ
#YMG #Yangon_Media_Group