#Local_News
Published_ 18 May 2023

မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး မေလကုန်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေး လုပ်ဆောင်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။

ယခုအခါ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများကို ပြန်လည်ပြုပြင်ရန်ကျွမ်းကျင်ဝန်ထမ်း တစ်ထောင် ကျော် စေလွှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနေသည့် ပျက်စီးသွားသော၂၃၀ ကေဗွီ အမ်း-မြောက်ဦး- ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတာဝါတိုင် (၁၂) တိုင် အပါအဝင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်း ပျက်စီးမှုများအတွက် ပြုပြင်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ကျွမ်းကျင် ဝန်ထမ်းအင်အား ၄၂၀ က စစ်တွေ ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အသီးသီးဖြန့်ခွဲ၍လည်းကောင်း၊ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ မကွေး ၊ ဧရာဝတီ တိုင်းဒေသကြီးများမှ စုဖွဲ့ထားသော ကျွမ်းကျင်ဝန်ထမ်း အင်အား ၆၀၀ ဖြင့် စစ်တွေမြို့အတွင်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို လည်းကောင်း အသီးသီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြင်ဆင်ခြင်း လုပ်ငန်းများကို အချိန်မီ ပြုပြင် ပြင်ဆင်ရာတွင် လိုအပ်သော ထရန် စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများဖြစ်သည့် တန်ချိန် (၆၉) တန်ရှိ တာဝါ သံဘောင်များ ၊ ကွန်ကရစ်တာဝါတိုင် (၃၅၀၀) တိုင် နှင့် အိမ်မိုးသွပ် (၁၅၀၀) ချပ် ၊ မီးစက်များ ၊ စက်သုံးဆီများ အား တပ်မတော်ရေယာဉ်များဖြင့် လည်းကောင်း ၊ မင်းပြားဒေသရှိ ကွန်ကရစ်တိုင် (၂၀၀၀)ကို စစ်တွေဒေသသို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း ၊ အခြားဆက်စပ် အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ ၊ ကြိုးများ ၊ ကြွေသီးများ ၊လိုင်းဆွဲသားရာတွင် အသုံးပြုသည့် ယန္တရားများကို မော်တော်ယာဉ် (၁၂)စီးဖြင့် လည်းကောင်း အသီးသီးပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းအပြင် ကျန်ရှိသော ပစ္စည်းများကိုလည်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သိရသည်။

ymg/pl
#Local_News #မိုခါမုန်တိုင်း #ရခိုင်ပြည်နယ်မြောက်ပိုင်း #လျှပ်စစ်ဓာတ်အား
#YMG #Yangon_Media_Group