#Local_News
Published_ 13 May 2023

မုန်တိုင်း “မိုခါ” ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်၍ အနီရောင်အဆင့်ဟု သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

 

အနီရောင်အဆင့်ကို မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်ဟု သတ်မှတ်ထားသော်လည်း ယခုဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ယနေ့ မေလ ၁၃ ရက် နံနက် ၅ နာရီခွဲအချိန်က တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင် ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပိုပလဲယား(Port Blair)၏ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

 

အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်လတ္တီကျု (၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၀၅)မှ (၁၁၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း၊ နောက်(၄၈)နာရီအတွင်းမြောက်-အရှေ့မြောက်ဘက်သို ဆက်လက်ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံကျောက်ဖြူမြို့(Kyaukpyu)တိုကြား စစ်တွေမြို့(Sittwe)အနီးမှ မေလ ၁၄ ရက် နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရသည်။

 

ယင်းနောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

 

#ymg/pl #Local_News #မုန်တိုင်း “မိုခါ” #အနီရောင်အဆင့်ဟုသတ်မှတ်
#YMG #Yangon_Media_Group