#World_Politics
Published_ 8 April 2023

တရုတ်က စနေနေ့ကစပြီး ထိုင်ဝမ်အနီးတဝိုက်မှာ စစ်ရေးလေ့ကျင့်မှုများ ၃ ရက်တိုင်အောင် ပြုလုပ်မှာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ'ဆိုင်အင်ဝမ်' အမေရိကန်ခရီးစဉ်မှ ပြန်ရောက်ပြီးနောက်နေ့မှာပဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့တိုင်းစစ်ဌာနချုပ်က ကြေညာပြီး စစ်​ရေးလေ့ကျင့်မှုစတင် လိုက်ပါတယ်။

 

ထိုင်ဝမ်ရဲ့ မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နဲ့ ထိုင်ဝမ်ရေလက်ကြားအနားတဝိုက်မှာ တရုတ်တို့က တိုက်ခိုက်ရေးအသင့်ရှိကင်းလှည့်ခြင်းနဲ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

 

ဆိုင်အင်ဝမ်က လော့စ်အိန်ဂျလိစ်သို့ရောက်နေစဉ် ဗုဒ္ဓဟူးနေ့က အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'ကီဗင်မက္ကာသီ'နဲ့ တွေ့ဆုံခဲ့ရာ တရုတ်အတွက် အမျက်ထွက်စရာ ဖြစ်ခဲ့ပါတယ်။

 

ထိုင်ဝမ်ဘက်မှ တုန့်ပြန်ချက်ထွက်မလာသေးဘဲ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက ထိုင်ဝမ်လေကြောင်းခုခံရေးပိုင်နက်ထဲမှာ တရုတ်လေယာဉ် ၄ စင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့နံနက်ပိုင်းမှာ ပြောကြားလိုက်ပါတယ်။

 

ဆိုင်အင်ဝမ်ဟာ စနေနေ့နှောင်းပိုင်းမှာလည်း အောက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ'မိုက်ကယ်မက်ကာလ်' ဦးဆောင်တဲ့ အမေရိကန်ဥပဒေပြုလွှတ်တော်အမတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဦးမှာဖြစ်ပါတယ်။

 

ထိုင်ဝမ်ဘက်မှ လွတ်လပ်ခွင့်ရရှိရေးကြိုးပမ်းမှုမှန်သမျှကို တရုတ်ဘက်က ပြင်းပြင်းထန်ထန်ချေဖျက်နိုင်စွမ်းရှိတယ်လို့ တရုတ်အာဏာရကွန်မြူနစ်ပါတီရဲ့ တရားဝင်သတင်းစာ People's Daily က ဖော်ပြလိုက်ပါတယ်။

 

တရုတ်အစိုးရရဲ့ တန်ပြန်ဆောင်ရွက်ချက်တွေက နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေး ကာကွယ်ပိုင်ခွင့်အတိုင်း ဆောင်ရွက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

ထိုင်ဝမ်အပေါ် တရုတ်အာဏာသက်‌ရောက်မနေဘူးလို့ ပြင်းထန်စွာငြင်းဆိုထားပြီး တရုတ်နဲ့ဆွေးနွေးဖို့ အကြိမ်ကြိမ်ကမ်းလှမ်းထားပေမယ့် တရုတ်အစိုးရက သူမကို ခွဲထွက်ရေးသမားအဖြစ်မြင်နေကြောင်း ဆိုလိုက်ကာ ထိုင်ဝမ်ပြည်သူတွေကသာ အနာဂတ်ကိုဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဩဂုတ်လက အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ပေသို့ လာရောက်စဉ်ကလည်း တရုတ်က ဒုံးကျည်များစမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်။


Source: Reuters
#World_Politics #ထိုင်ဝမ်သမ္မတ #အမေရိကန်အောက်လွှတ်တော်ဥက္ကဌ #တရုတ်က စစ်ရေးလေ့ကျင့် #YMG #Yangon_Media_Group