#LocalNews Published_ 12 March 2023 ပုဂံဒေသသို့ ပြည်ပခရီးသည်ဝင်ရောက်မှု နည်းပါးနေ၍ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် က မတ်လ ၁၁ ရက် တွင် ပုဂံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအား Aureum Palace Hotel and Resort ၌ တွေ့ဆုံတွင် ပြောကြားလိုက်သည်။ ပုဂံဒေသသို့ ပြည်တွင်းခရီးသည်ဝင်ရောက်မှုသည် ယခင် အများဆုံးဝင်ရောက်ခဲ့သည့်ကာလများထက် ကျော်လွန်သွားပြီဖြစ်သော်လည်း ပြည်ပခရီးသည်ဝင်ရောက်မှုမှာ နည်းပါးလျက်ရှိသဖြင့် ပိုမိုတိုးတက်ဝင်ရောက်လာအောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးသည်ဝင်ရောက်မှု တိုးတက်လာသည်နှင့်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသာမက အခြားဆက်စပ်လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ယင်းက ဆိုသည်။ ၎င်းအပြင် ပုဂံဒေသ၏ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် စည်းမျဉ်းစည်းကမ်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိခိုက်နစ်နာမှုမရှိစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များ၊ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုတိုးတက်အောင်မြင်သော ခရီးသွားလုပ်ငန်းဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ymg/mt #Yangon_Media_Group