#LocalNews
Published_ 22 January 2023

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားကို လက်နက်ကိုင်တစ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

အဆိုပါတံတားမှာ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်း၊ သာဂရကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ရှိသည့် အရှည် ၁၃၀ ပေ၊ အကျယ် ၂၀ ပေရှိ တံတားဖြစ်ပြီး ဇန်နဝါရီ လ ၂၁ ရက် ည ၇ နာရီခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

တံတား ဖောက်ခွဲဖျက်ဆီးခံရသောကြောင့် တံတား၏ တောင်ဘက်ခြမ်းမှ ကမ်းကပ်ခုံအနီးတွင် အချင်း ၁၀ ပေပတ်လည်ခန့် ကျွံကျ ပျက်စီးခဲ့ကြောင်း ၊ယခုအခါ အများပြည်သူများသွားလာရေး အဆင်ပြေချောမွေ့ စေရန် ဆောက်လုပ်ထားသည့် အဆိုပါ သံကူကွန်ကရစ်ချောင်းကူးတံတားကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group