#LocalNews
Published_11 December 2022

 

ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်သို့ ဆက်သွယ်သည့် ဂွချောင်းတံတားကို ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

 

ယင်းတံတားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန၏ မှတ်တမ်းအရ သိရသည်။

 

ဂွချောင်းတံတားသည် ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်မကျေးငူရွာကို ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့အထိအကောင်အထည်ဖော် ဆောင်ရွက်နေသော ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးပင်-ကျောက်ချွန်-ဂွမြို့ ကမ်းခြေပတ် လမ်းတစ်လျှောက်တွင် အရေးပါသည့် တံတားတစ်စင်းလည်း ဖြစ်သည်။

 

တံတား အရှည်မှာ ၁၃၉၈ ပေ ၉ လက်မရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်း အကျယ်တစ်ဖက်လျှင် ၃ ပေ ၆ လက်မပါဝင်၍ ရေလမ်း ကင်းလွတ် အမြင့် ပေ ၂၀ နှင့် ရေလမ်းကင်းလွတ် အကျယ်သည် ၈၅ ပေရှိကြောင်း၊တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးလျှင် ၇၅ တန် ဖြစ်ပြီး P.C Grider , R.C Grider သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ အောက်ထည်မှာ သံကူကွန်ကရစ်ကြမ်းခင်းနှင့် တံတားအုတ်မြစ်သည် သံကူ ကွန်ကရစ်ဘိုးပိုင် အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါ တံတားတစ်စင်းလုံး ချဉ်းကပ်လမ်း အပါအဝင် ကုန်ကျငွေမှာ မြန်မာငွေကျပ်သန်းပေါင်း ၈၉၈၀ ဖြစ်ကြောင်း၊လတ်တလောတွင် တံတားပြီးစီးနေပြီ ဖြစ်၍ ဖွင့်ပွဲ မပြုလုပ်မီ အများပြည်သူသွားလာရေး အဆင်ပြေ ချောမွေ့စေရန်နှင့် အရေးပေါ်ကဏ္ဍတို့တွင် အသုံးပြုနိုင်ရန် အတွက် ၃ တန်အောက် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုထားကြောင်းလည်း သိရသည်။

 

Photo-MOC
ymg/mt
#Yangon_Media_Group