#Local_News
Published_ 8 December 2022

 

ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အဂတိမှုများအတွက် သက်သေများ စစ်ဆေးရန် ကျန်နေသေးကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက သိရသည်။

 

လာမည့် ဒီဇင်ဘာလ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ကျန်နေသေးသည့် သက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်သော်လည်း အဆိုပါ သက်သေများမှာ မည်သူမည်ဝါ ဖြစ်သည်ကို ပြော၍ မရသေးကြောင်း၊ စစ်ဆေးခံရန် လာမည်မလာမည်ကိုလည်း တိတိကျကျ ပြော၍ မရသေးကြောင်း ယင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

 

"ဒီဇင်ဘာလ ၅ ရက် နဲ့ ၆ ရက်မှာ တရားခံပြသက်သေတွေ ကို စပြီးတော့ စစ်တယ်၊ အခုစစ်လို့ ပြီးတာကအရင်အစိုးရလက်ထက်က ပို့ဆက် ဒုဝန်ကြီးဟောင်း ဦးကျော်မျိုး၊ နောက်ပြီးတော့ AMAS ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြင့်တို့ကို စစ်ဆေးခဲ့တယ်"ဟု ယင်းကပြောသည်။

 

ရဟတ်ယာဉ်နှင့်ပတ်သက်သော အမှုများမှာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်က ဦးဝင်းမြင့်ကို စစ်ဆေးပြီးစီးခဲ့ကာ နိုဝင်ဘာလ ၂၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးပြီးစီးခဲ့ခြင်း ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group